ရန်ကုန်၊ ဧပြီ ၂
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူ့အခွင့်အရေး အကျပ်အတည်းသည် ကမ္ဘာပေါ်တွင် အဆိုးရွားဆုံးနှင့် အရေးတကြီး ဖြေရှင်းရမည့် အခြေအနေတစ်ခုအဖြစ် ရှိနေဆဲဖြစ် ကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် အဆိုပါကိစ္စကို မျက်ကွယ်ပြုမထားရန် ဗြိတိန်နိုင်ငံက ပြင်းပြင်းထန်ထန် သတိပေး ပြောကြားလိုက်သည်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်း အဝေးတွင် ဗြိတိန်နိုင်ငံ၏ လူ့အခွင့် အရေး သံအမတ်ကြီး Eleanor Sanders က မြန်မာနိုင်ငံဆိုင်ရာ အထွေထွေသုံးသပ်ချက် မိန့်ခွန်းတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်သည် အရပ်သားများအပေါ် လေ ကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ မတရား ဖမ်းဆီးချုပ်နှောင်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စနစ် တကျ ကျူးလွန်နေကြောင်း သံအမတ်ကြီးက ထောက်ပြခဲ့သည်။
အထူးသဖြင့် ပြီးခဲ့သည့် မတ်လအတွင်း စစ်ကောင်စီက တပ်မတော်နေ့ စစ်ရေးပြပွဲများ ကျင်းပနေချိန်တွင်ပင် ရခိုင်၊ မကွေးနှင့် စစ်ကိုင်းတိုင်းတို့ရှိ လူနေအိမ်များ၊ ဘာသာရေး အဆောက်အအုံများနှင့် စစ်ဘေးရှောင်စခန်းများကို လေကြောင်းမှ ဆက်တိုက် တိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားများ ကြောက်မက်ဖွယ် အခြေအနေများနှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ လူပေါင်း ၁၆ သန်းကျော်မှာ လူသားချင်းစာနာမှု အကူအညီများ အရေးပေါ် လိုအပ်နေပြီး၊ အနည်းဆုံး လူ ၃ ဒသမ ၇ သန်းမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်းလည်း ဗြိတိန်က ထုတ်ဖော်ပြောကြားသည်။
ထို့ပြင် စစ်ကောင်စီက ပြုလုပ်ခဲ့သည့် တစ်ဖက်သတ် ရွေးကောက်ပွဲများသည် လွတ်လပ်မျှတမှု မရှိသည့်အပြင် နိုင်ငံရေး ထွက် ပေါက်ကိုလည်း မပေးနိုင်ဘဲ အကြမ်းဖက်မှုများကိုသာ ပိုမို ဖြစ်ပေါ်စေခဲ့သည်ဟု ဝေဖန်ခဲ့သည်။
ဗြိတိန်နိုင်ငံအနေဖြင့် မြန်မာပြည်သူများ၏ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုအပေါ် အမြဲတမ်း ရပ်တည်သွားမည်ဖြစ်ကြောင်းနှင့် ကျူးလွန်သူများကို ထိရောက်စွာ အရေးယူနိုင်ရေး၊ အရပ်သားများကို အကာအကွယ်ပေးရေးနှင့် အကူအညီများ အဟန့် အတားမရှိ ပေးအပ်နိုင်ရေးတို့အတွက် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများက ပူးပေါင်းဆောင်ရွက်ကြရန် သံအမတ်ကြီးက တိုက်တွန်း ပြောကြားသည်။





