ရန်ကုန်၊ ဧပြီ ၂
NUG အစိုးရနှင့် ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ ယနေ့ ဧပြီလ ၂ ရက်နေ့တွင် တွေ့ဆုံခဲ့ပြီး ပြဿနာပိုမိုကြီးထွားစေသည့် ဆောင်ရွက်ချက်များကို ထိန်းကျောင်းကြရန် ဆွေးနွေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားသည်။
လက်ရှိတွင် မကွေးဖက်ဒရယ်ယူနစ် ပခုက္ကူခရိုင်၊ မြိုင်နှင့် ပေါက်မြို့နယ်အတွင်းရှိ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်ပြီး ယနေ့ ဧပြီလ ၂ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရတာဝန်ရှိသူများနှင့် ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရတာဝန်ရှိသူတို့ Online မှ တဆင့်တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ထို အစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ ဖက်ဒရယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာလျှံမှုန်းဆာခေါင်း နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကြားကာလ မကွေးဖက်ဒရယ်ယူနစ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်၊ ဒုတိယဝန်ကြီးချုပ် ဦးချစ်ဝင်းမောင်၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဌ ၊ ဒုတိယဥက္ကဌ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဆွေးနွေးပွဲတွင် သက်ဆိုင်ရာ တာဝန်ရှိသူများက တော်လှန်ရေးနှင့် ပြည်သူလူထုကို မထိခိုက်စေသော နည်းနာများဖြင့် အမြန်ဆုံးပြေလည်အောင်ဆောင်ရွက်နိုင်ကြရေး ရင်းနှီးပွင့်လင်းစွာဖြင့် အလေးထားဆွေးနွေးခဲ့ကြောင်း၊ မြေပြင်တွင် ဖြစ်ပျက်နေသည့် အကြောင်းအရာများကို နားလည်မှုလွဲစေနိုင်သည့် ရန်သူ အကြမ်းဖက်စစ်တပ် အကြိုက်တွေ့စေမည့် ရေးသားမှုများ၊ ထုတ်ပြန်မှုများကို မပြုလုပ်ကြရေး နှင့် ပြဿနာကို ပိုမိုကြီးထွားစေသည့် ဆောင်ရွက်ချက်များကိုလည်း ထိန်းကျောင်းကြရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုအစိုးရနှင့် မကွေးဖက်ဒရယ်ယူနစ်အစိုးရအကြား လုပ်ပိုင်ခွင့် အာဏာခွဲဝေရေး (Division of competences) နှင့် ဆက်နွယ်နေသော ကိစ္စရပ်များဖြစ်သဖြင့် ပြည်ထောင်စုအစိုးရနှင့် ဖက်ဒရယ်ယူနစ်အကြား ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုအတူတကွ တည်ဆောက်နိုင်ရေး ဦးတည်ချက်ဖြင့် အဆင်ပြေမှုရရှိသည်အထိ စဉ်ဆက်မပြတ် ဆက်လက် ညှိနှိုင်းဆွေးနွေးသွားကြရန်လည်း သဘောတူဆုံးဖြတ်ခဲ့ကာ အစည်းအဝေးကိုအောင်မြင်စွာရုတ်သိမ်းခဲ့ကြောင်း သိရှိရသည်။




