ရန်ကုန်၊ ဧပြီ ၃
ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ ၅ ထိန်းချုပ်နယ်မြေဖြစ်သော ဖာပွန် (မူတြော်) ခရိုင်အတွင်း ပြီးခဲ့သည့် မတ်လ ၁ လတာအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများတွင် စစ်တပ်ဘက်မှ အရာရှိနှင့် စစ်သည် စုစုပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း KNU က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။
၂၀၂၆ ခုနှစ် မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA တပ်မဟာ ၅ နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲပေါင်း ၁၀၆ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၁၀၆ ဦး သေဆုံးခဲ့ပြီး ၉၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
သေဆုံးသူများထဲတွင် စစ်ကောင်စီ၏ တပ်ရင်းမှူး ၁ ဦး၊ ဒုတပ်ရင်းမှူး ၂ ဦးနှင့် တပ်ခွဲမှူး ၃ ဦးတို့ ပါဝင်ကြောင်း၊ တိုက်ပွဲများအတွင်း KNLA ဘက်မှ စစ်ကောင်စီ၏ လက်နက်မျိုးစုံ ၂၁ လက်အပြင် နင်းမိုင်း ၁ လုံးတို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ၊မတ်လအတွင်း KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်အတွင်း ကျူးကျော် ဝင်ရောက်တပ်စွဲထားသော ကော်သွေးကျိုးစခန်းနှင့် ကဘောတူစခန်းတို့ကို KNLA ၊ PDF မဟာမိတ်ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။
စစ်ကောင်စီသည် မြေပြင်တွင် အကျအဆုံးများပြားလာသည့်အတွက် လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုလုပ်ဆောင်လာခဲ့ကြောင်း၊ မတ်လအတွင်း စစ်ကောင်စီက ဂျက်ဖိုက်တာ (Jet Fighter) များဖြင့် ဗုံးအလုံးရေ ၁၉ လုံး ကြဲချခဲ့သလို၊ Y-12 လေယာဉ်ဖြင့် ဗုံး ၃၀ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများနှင့် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုများကြောင့် ကျေးရွာအတွင်းရှိ အရပ်သားနေအိမ် ၆ လုံး၊ ဘုန်းကြီးကျောင်း ၂ ကျောင်းနှင့် ခရစ်ယာန်ဘုရားကျောင်း ၁ ကျောင်း ပျက်စီးခဲ့ရကြောင်း သိရသည်။
ထို့ပြင် စစ်ကောင်စီ၏ ပစ်ခတ်မှုများကြောင့် ဒေသခံပြည်သူ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း KNU က အတည်ပြု ထုတ်ပြန်ထားသည်။






