မင်းအောင်လှိုင် သမ္မတရာထူး ရယူမှု စစ်တပ်၏ အာဏာကို ကာကွယ်ရန် ကြိုးပမ်းနေဟု Burma Campaign UK က နိုင်ငံတကာကို သတိပေး
ရန်ကုန်၊ ဧပြီ ၃
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် သမ္မတရာထူး လုယူထားသော စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်း အတည် ပြုရန်နှင့် ICJ၊ ICC တရားရုံးများက အရေးယူမှု အရှိန်မြှင့်ရန် ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK) က တောင်းဆိုလိုက်သည်။
မြန်မာစစ်တပ်နှင့် မင်းအောင်လှိုင်မှာ လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများဖြင့် နိုင်ငံတကာတွင် ဥပဒေကြောင်းအရ ရင်ဆိုင်နေရသည်။ ICJ တရားရုံးတွင် ရင်ဆိုင်နေရသည့် အမှုမှာ ယခုနှစ်ကုန်ပိုင်းတွင် ဆုံးဖြတ်ချက် ထွက်လာရန် ရှိနေသလို၊ အာဂျင်တီးနား တရားရုံးကလည်း မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်များကို ဖမ်းဝရမ်း ထုတ်ထားပြီးဖြစ်သည်။
BROUK ဥက္ကဋ္ဌ ဦးထွန်းခင်က “မင်းအောင်လှိုင်ဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ် ဖြတ်မှုမှာ ပါဝင်ခဲ့လို့ အာဂျင်တီးနားမှာ ဖမ်းဝရမ်း အထုတ်ခံထားရတဲ့ ရာဇဝတ် ကောင် တစ်ဦးပါ။ မင်းအောင်လှိုင်က ပြုပြင်ပြောင်းလဲမှုတွေ ဒါမှမဟုတ် မြန်မာနိုင်ငံအတွက် အပြောင်းအလဲတွေ ဆောင်ကြဉ်းပေးနိုင်မယ်လို့ ယုံကြည်နေတဲ့ အစိုးရမှန်သမျှဟာ ကိုယ့်ကိုယ်ကိုယ် လိမ်ညာနေတာပဲ ဖြစ်လိမ့်မယ်” ဟု ပြောကြားသည်။
စစ်ခေါင်းဆောင်က သမ္မတရာထူးဆီ ဦးတည်လုပ်ဆောင်လာခြင်းမှာ စစ်အာဏာရှင်စနစ်ကို သက် ဆိုးရှည်စေရန် လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက နိုင်ငံတော်ယန္တရားအားလုံးကို စစ်တပ်က ထိန်းချုပ်ထားဆဲဖြစ်ရာ ရာထူးအမည်များ ပြောင်းလဲခြင်းသည် လက်ရှိဖြစ်ရပ်မှန်များကို ပြောင်းလဲနိုင်မည် မဟုတ်ကြောင်း BROUK က ထောက်ပြသည်။
ဦးထွန်းခင်က “တရားဝင်မှု ကင်းမဲ့နေတာကတော့ ရှင်းပါတယ်၊ ဒါက သတင်းမဟုတ်ပါဘူး။ တကယ့် သတင်းကတော့ နိုင်ငံတကာ အသိုင်းအဝိုင်းက အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်နေတာပါပဲ” ဟု ဝေဖန်ခဲ့သည်။
နိုင်ငံတကာအနေဖြင့် ၁ နှစ်ကျော်ကြာသည်အထိ အရေးယူပိတ်ဆို့မှုအသစ်များ မရှိခြင်းနှင့် ဖမ်းဝရမ်းများကို အကောင်အထည်မဖော်ခြင်းတို့အပေါ် ၎င်းက အားမလိုအားမရ ဖြစ်လျက်ရှိသည်။
လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝန်း၌ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် သတ်ဖြတ်မှုများ ဆက်ရှိနေသလို၊ ရခိုင်ပြည်နယ်တွင်လည်း မြန်မာစစ်တပ်နှင့် AA နှစ်ဖက်စလုံး၏ ကျူး လွန်မှုများကြောင့် ရိုဟင်ဂျာ သောင်းနှင့်ချီ၍ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထပ်မံထွက်ပြေးနေရကြောင်း သိရသည်။
BROUK အနေဖြင့် မင်းအောင်လှိုင်နှင့်ပတ်သက်သော နိုင်ငံတကာ ဖမ်းဝရမ်းများကို အတည်ပြုရန်နှင့် ICJ၊ ICC အမှုများကို အရှိန်မြှင့်တင်ရန်၊ စစ်တပ်၏ ဝင်ငွေရလမ်းများကို ထိရောက်သော စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ရန်၊ ရိုဟင်ဂျာများအပေါ် အနိုင်ကျင့်မှုများ ရပ်တန့်ရန် AA အပါအဝင် အဖွဲ့အစည်းအားလုံးကို ဖိအားပေးရန်၊ စစ်တပ်၏ လက်နက်နှင့် လေယာဉ်ဆီ ရလမ်းများကို ဖြတ်တောက်ရန် တောင်းဆိုထားသည်။
ဦးထွန်းခင်က နိုင်ငံတကာအနေဖြင့် ယခင်ကကဲ့သို့ ဟန်ပြပြုပြင်ပြောင်းလဲမှုများကို လျစ် လျူရှုမထားဘဲ ရိုဟင်ဂျာများကို ကာကွယ်ရန်နှင့် ကျူးလွန်သူများကို အရေးယူရန် အရေးပေါ် ဦးဆောင်ပေးရန် တိုက်တွန်းသည်။
အလားတူ မင်းအောင်လှိုင်၏ သမ္မတရာထူး ရယူမှု သည် စစ်တပ်၏ အာဏာကို ကာကွယ်ရန် ကြိုးပမ်းမှုသာဖြစ်ကြောင်း Burma Campaign UK ဝေဖန်လိုက်သည်။
“သမ္မတ” ဟူသော ရာထူးအမည်သစ်မှာ မင်းအောင်လှိုင်၏ ပုဂ္ဂိုလ်ရေး ရည်မှန်းချက်များနှင့် ဆက်စပ်နေပြီး မင်းအောင်လှိုင်ကရာထူးဂုဏ်ပုဒ်များကို အလွန်မက်မောသူဖြစ်ကြောင်း၊ မကြာသေးမီက စစ်တပ်ထိန်းချုပ်ထားသော မီဒီယာများတွင် ၎င်းကို ဘွဲ့ထူးဂုဏ်ထူးများစွာဖြင့် ရှည်လျားစွာ ခေါ်ဝေါ်နေကြောင်း၊ ပုံစံသစ်ပြောင်းလဲခြင်း (Rebranding) မှာ စစ်တပ်ဟူသော အဖွဲ့အစည်းကြီး၏ အုပ်ချုပ်မှုကို ဆက်လက်ထိန်းသိမ်းရန်အတွက်သာ ဖြစ်ကြောင်း Burma Campaign UK က ဆက်လက်ထောက်ပြသည်။
မြန်မာစစ်တပ်က ၁၉၆၂ ခုနှစ်မှစ၍ နိုင်ငံကို အုပ်ချုပ်ခဲ့သည်မှာ ယခုဆိုလျှင် ၅၉ နှစ်ခန့် ရှိပြီဖြစ်ကြောင်း၊ ၎င်းတို့သည် အာဏာရှင်စနစ်ကို ပုံစံအမျိုးမျိုး၊ အမည်နာမ အမျိုးမျိုးဖြင့် ပြောင်းလဲအသုံးချခဲ့ကြ၍ ဤမျှ သက်ဆိုးရှည်နေခြင်း ဖြစ်ကြောင်း၊ မည်သူက ဦးဆောင်နေပါစေ စစ်တပ်သည် ၎င်းတို့၏ အာဏာကိုသာ အမြဲတမ်း ဦးစားပေးမည်ဖြစ်ပြီး ဗမာဗုဒ္ဓဘာသာ အမျိုးသားရေး အစွန်းရောက်ဝါဒကိုသာ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဆက်လက်ဝေဖန်ထားသည်။
စစ်တပ်ခေါင်းဆောင်ပိုင်းသည် အဂတိလိုက်စားပြီး ဆွေမျိုးကောင်းစားရေးကိုသာ လုပ်ဆောင်နေကြသလို၊ ၎င်းတို့သည် နိုင်ငံ၏ သယံဇာတများကို ဆယ်စုနှစ်ပေါင်းများစွာ ခိုးယူနေသော၊ မူးယစ်ဆေးဝါး၊ ကျားဖြန့်နှင့် လက်နက်မှောင်ခိုလုပ်ငန်းများတွင် ပါဝင်နေသော ကြီးမားသည့် ရာဇဝတ်ဂိုဏ်းကြီးတစ်ခုကဲ့သို့ ဖြစ်နေကြောင်း Burma Campaign UKက ဆိုသည်။
စစ်တပ်က မည်သည့်အခါမှ ပြုပြင်ပြောင်းလဲမည် မဟုတ်ဘဲ နိုင်ငံတကာ၏ ဖိအားကို လျှော့ချရန်အတွက်သာ နည်းဗျူဟာများကို ပြောင်းလဲသုံးစွဲနေခြင်း ဖြစ်ကြောင်း၊ အတိတ် ကာလတွင် နိုင်ငံတကာ အသိုင်းအဝိုင်းမှာ စစ်တပ်၏ “Rebranding” နှင့် “Reform” (ပြုပြင်ပြောင်းလဲရေး) ကို ခွဲခြားမသိမြင်ခဲ့ကြကြောင်း၊ စစ်တပ်က လှည့် ကွက်ဟောင်းများကိုပင် ထပ်ခါထပ်ခါ သုံးနေသော်လည်း နိုင်ငံတကာ သံတမန်များမှာ တစ်ခုခု အသစ်အဆန်း ဖြစ်နေသည်ဟု ထင်မှတ်နေကြသည်ဟု Burma Campaign UKက သတိပေးသည်။
မြန်မာ့အရေး လှုပ်ရှားသူများက စစ်တပ်ကို “ထောင်ချောက်ပင်” (Pitcher plant) နှင့် နှိုင်းယှဉ်ထားပြီး သံတမန်များမှာ အနားရောက်လာသောအခါ ဝါးမျိုခံရသည့် အင်းဆက်များကဲ့သို့ ဖြစ်နေကြောင်း၊ ယခုတစ်ကြိမ်တွင် မင်းအောင်လှိုင်သည် တရုတ်၊ ရုရှားနှင့် အိန္ဒိယတို့၏ ထောက်ခံမှုကို အားကိုးနေသဖြင့် အနောက်နိုင်ငံများကို ဂရုစိုက်ရန် မလိုဟု တွက်ဆထားပုံရကြောင်း၊ အနောက်နိုင်ငံများကလည်း လူ့အခွင့်အရေးထက် ဆက်ဆံရေး ပုံမှန်ဖြစ်ရန် ဦးစားပေးလာနိုင်သည်ဟု စစ်တပ်က မျှော်လင့်နေကြောင်း ထောက်ပြသည်။
သို့သော် အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့က “လူမျိုးတုံးသတ်ဖြတ်သူ ဗိုလ်ချုပ်” ကို နောက်ထပ် အခွင့်အရေးပေးနိုင်သော်လည်း မြန်မာပြည်သူများကမူ ပေးမည်မဟုတ်ကြောင်း။ ပြည်သူများသည် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ၎င်းတို့ကိုယ်တိုင် ဖက်ဒရယ်ဒီမိုကရေစီကို တည်ဆောက်သွားကြမည်ဖြစ်ကြောင်း၊ မြန်မာစစ်တပ်က မည်မျှပင် ပုံစံပြောင်းပါစေ ပြည်သူလူထုကို ဘယ်တော့မှ အောင်နိုင်မည်မဟုတ်ကြောင်း Burma Campaign UKက ထောက်ပြဝေဖန်သည်။




