ရန်ကုန်၊ ဧပြီ ၅
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော ရှုပ်ထွေးသည့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများ မရှိဘဲ မည်သို့မျှ ပြေလည်ရေးလမ်းစ ရရှိနိုင်မည်မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က သဘောထားထုတ်ပြန်ချက်တစ်ရပ် ယနေ့ ထုတ်ပြန်သည်။
လက်ရှိမြန်မာ့နိုင်ငံရေး၏ အဓိကသော့ချက်မှာ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး သူမ၏ ပါဝင်ပတ်သက်မှုမရှိဘဲ ဆောင်ရွက်သည့် မည်သည့်ဖြေရှင်းနည်းမျိုးမဆို ထိရောက်သည့်ရလဒ် ထွက်ပေါ်လာမည်မဟုတ်ကြောင်း အလေးအနက် ဖော်ပြထားသည်။
“ယခင်ကတည်းက ထုတ်ပြန်ခဲ့တဲ့ အဖွဲ့ချုပ်သဘောထားပါ။ အဖွဲ့ ချုပ်ရဲ့သဘောထားကို နိုင်ငံတ ကာနဲ့ ပြည်သူလူထုအားလုံး သိစေလိုပါတယ်။ အခုလောလောဆယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံ တော်သမ္မတကြီး ဦးဝင်းမြင့်တို့လွတ်မြောက်ရေးလှုပ်ရှားမှုကတော့ ငြိမ်းချမ်းစွာနဲ့ နိုင်ငံရေးဖြစ်စဉ်ကို လိုလားသူတွေရဲ့ လှုပ်ရှားမှုလို့ မြင်ပါတယ်” ဟု စမ်းချောင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဌ ဦးဘိုဘိုဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် Zoom မှတဆင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဗဟိုကော်မတီ၏ ကြားကာလ သတ္တမအကြိမ်အစည်း အဝေးတွင် စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံဆွေးနွေးမှုမပါဝင်ဘဲ ပြေလည်ရေးလမ်းစရရှိနိုင်မည်မဟုတ်ဟု ယုံကြည်သောကြောင့် မတရားဖမ်းဆီး ခံထားရသော ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေး အကျဉ်းသားများအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးကို စီမံချက်များရေးဆွဲဆောင်ရွက်ရန်သွားရန် အတည်ပြုဆုံးဖြတ်ခဲ့သည်။
မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် ပဋိပက္ခများ၊ လူမှုစီးပွားပျက်စီးမှုများနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကို ရေရှည်တည်တံ့သော နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန်အတွက် လူထုက ယုံကြည်ကိုးစားသည့် ခေါင်းဆောင်များနှင့် ထိပ်သီးအဆင့် တွေ့ဆုံဆွေးနွေးမှုများ အရေးတကြီး လိုအပ်နေကြောင်း ပြည်တွင်း အခြေစိုက် နိုင်ငံရေးအင်အားစုများက သုံးသပ်ပြောဆိုသည်။
ပြည်သူလူထု၏ တစ်ခဲနက်ထောက်ခံမှုကို ရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးဖြစ်စဉ်များမှ ဖယ်ထုတ်ထားခြင်းသည် လက်ရှိအကျပ် အတည်းကို ပိုမိုဆိုးရွားစေရုံသာမကဘဲ ပြည်တွင်း၊ ပြည်ပက လိုလားနေသည့် ငြိမ်းချမ်းသော အဖြေရှာမှုကိုလည်း နှောင့်နှေးစေကြောင်း ပြည်တွင်း အခြေ စိုက် နိုင်ငံရေးအင်အားစုများက ဆက်လက်ပြောဆိုသည်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း မြန်မာ့အရေးကို ဖြေရှင်းရာ၌ အနှစ်သာရရှိသော ဆွေးနွေးပွဲများ ပေါ်ပေါက်လာစေရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ် မြောက်ရေးအတွက် ပိုမိုတက်ကြွစွာ ဝိုင်းဝန်းတွန်းအားပေးရန် ပြည်တွင်းနိုင်ငံရေးအင်အားစုက တောင်းဆိုထားသည်။
လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်၌ ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး သူမနှင့် တွေ့ဆုံခွင့်ရရှိရေးမှာ နိုင်ငံတကာသံတမန်များနှင့် အတိုက် အခံအင်အားစုများအကြား အဓိကတောင်းဆိုချက်တစ်ခု ဖြစ်နေဆဲဖြစ်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အကြမ်းဖက် မင်းအောင်လှိုင်က ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှု ရှိသည်ဟုဆိုကာ စစ်အာဏာသိမ်းခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မ တ ဦးဝင်းမြင့်တို့ကို မတရားအကျဉ်းချထားခဲ့သည်။
ယင်းနောက် စစ်အာဏာသိမ်းပြီး ၅ နှစ်အကြာ အတုအယောင်ရွေးကောက်ပွဲ ကျင်းပ၍ အတုအယောင် လွှတ်တော်က ရွေးကောက် တင်မြှောက်သော အကြမ်းဖက် သမ္မတအဖြစ် ရာထူးရယူထားသည်။
ဓာတ်ပုံ- အီးပီအေ။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)




