ကျောင်းတည်ထောင်သူကမူ ကျောင်းနှင့်ပတ်သက်၍ လိမ်လည်မှုမရှိဟု တုံ့ပြန်
ရန်ကုန်၊ ဧပြီ ၆
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရင်း အဝေးသင်ပညာသင်ရင်း ဘွဲ့ယူနိုင်ခြင်း၊ အလုပ်သမား ပန်းရောင်ကတ်ဖြင့် ပညာသင်ယူနိုင်ဟုဆိုကာ ကျောင်းသားရာချီကို ဝန်ဆောင်ခအများအပြား ရယူ ပို့ဆောင်ခဲ့သော Manee Rattana Vocational and Technical College (MRVT College) – MRVT ကျောင်းကြောင့် ကျောင်းသားကျောင်းသူ တချို့ ဒုက္ခရောက်နေကြောင်း အဆိုပါကျောင်းမှ ကျောင်းသားကျောင်းသူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
MRVT ကျောင်းက ထိုင်းနိုင်ငံရှိ အမည်ခံ တက္ကသိုလ်တစ်ခုနှင့် ချိတ်ဆက်ကာ ပညာသင်ကြားရန် အကျိုးဆောင်ပေးနေခြင်းဖြစ်ပြီး ကျောင်းထူထောင်သူ အေးမင်းထွန်း၊ CEO ဇော်မျိုးဆန်းနှင့် အပေါင်းအပါများက ကျောင်းသားများထံမှ ငွေကြေးမတရားတောင်းခံခြင်း၊ စာရွက်စာတမ်းအတုပြုလုပ်၍ လိမ်လည်ခြင်းနှင့် နည်းမျိုးစုံဖြင့် ခေါင်းပုံဖြတ် ခြိမ်းခြောက်မှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။
MRVT ကျောင်းက ကျောင်းသားကျောင်းသူများထံမှ ကျောင်းစရိတ်ငွေကြေးအတွက်ဟုဆိုကာ ရန်ကုန်တွင် သင်တန်းကြေး ထိုင်းဘတ်ငွေ ၃၅,၀၀၀၊ ဝန်ဆောင်ခ ထိုင်းဘတ် ၃၁,၅၀၀ နှင့် လေယာဉ်လက်မှတ်ခများကို အဆ မတန် တောင်းခံခဲ့ကြောင်း၊ တောင်းခံသည့်ငွေကြေးများလွန်း၍ ကျောင်းသားကျောင်း သူများက စောဒက တက်သောအခါ ကျောင်းတာဝန်ရှိသူ အေးမင်းထွန်းက ရိုင်းစိုင်းစွာ တုံ့ပြန်ကြောင်း သိရှိရသည်။
“လေယာဉ်လက်မှတ်ခ တောင်းတာ များလွန်းလို့ သွားပြောတော့ ကျောင်းထူ ထောင်သူ အေးမင်းထွန်းက ငါတို့နဲ့မသွားရင် ထိုင်းလ၀က-Immigration မှာ အရစ်ခံရရင် ငါတို့နဲ့ မဆိုင်ဘူးဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်း တုံ့ပြန်ပါတယ်” ဟု ကျောင်းသားတစ်ဦးက ရှင်းပြသည်။
ထို့ပြင် ထိုင်းကျောင်းလခ ထိုင်းဘတ်ငွေ ၃၄,၀၀၀ ကို အရစ်ကျသွင်းနိုင်သည်ဟု ကတိပေးခဲ့သော်လည်း ထိုင်းနိုင်ငံသို့ ထွက်ခါနီးအချိန်ရောက်သောအခါတွင် ကျောင်းစရိတ်အကုန် အတင်းအကျပ် ပေးသွင်းခိုင်းကြောင်း ၊ ထိုင်းနိုင်ငံသို့ရောက်သောအခါတွင်လည်း မူလက ပြောဆိုခဲ့သော Hospitality & Tourism မေဂျာ တက်ခွင့်မရဘဲ ကျောင်းက ချပေးသည့် အရေးမပါသော စိတ်မဝင်စားသည့် မေဂျာကိုသာ အတင်းအကျပ် တက်ခိုင်းခဲ့ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုးရွားဆုံးမှာ မြန်မာပညာရေး ၉ တန်းအောင်ရုံဖြင့် တက္ကသိုလ်တက်နိုင် သည်ဟု လိမ်လည်ကာ ၁၀ တန်းအောင် လက်မှတ်အတုများကို MRVT ကျောင်း က ပြုလုပ်ပေးနေခြင်းဖြစ်ပြီး ၎င်းကိစ္စကို ကျောင်းသားများက ထုတ်ဖော်ပြောဆိုရန် ပြင်ဆင်သည့်အခါမှသာ ၁၀ တန်းနှင့် ၁၂ တန်းအောင်မှ တက်ရမည်ဟု ဗီဒီယိုရိုက်၍ လှည့်ဖြားခဲ့ကြောင်း၊ သို့ရာတွင် TikTok တွင်မူ နာမည်တုဖြင့် ၁၀ တန်းမအောင်လည်း ထိုင်းတွင် ကျောင်းတက်၍ရသည်ဟု ကြော်ငြာနေဆဲဖြစ်ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရင်း ပညာသင်နိုင်သည်ဟုဆို MRVT ကျောင်းက ကြေညာခဲ့သော်လည်း လက်တွေ့တွင်မူ ကျောင်းသားဗီဇာ (ED Visa) ဖြင့် တရားဝင်အလုပ်လုပ်ခွင့် မရှိသည်ကို သိရလျက် အလုပ်လုပ်နိုင်သည်ဟု လိမ်လည်ခဲ့ကြောင်း၊ ယင်းနောက် ကျောင်းက Internship Letter အကြောင်းပြကာ တရားမဝင်သော မှောင်ခိုအလုပ်များ ခိုးလုပ်ခိုင်းခဲ့ကြောင်း သိရှိရသည်။
ကျောင်းသူကျောင်းသားများက အမှန်တရားကို ထုတ်ဖော်ပြောဆိုသည့်အခါ MRVT ကျောင်းက ရှေ့နေဖြင့် ခြိမ်းခြောက်ခြင်း၊ ဗီဇာပိတ်ပစ်မည်ဟု ပြောခြင်းနှင့် မြန်မာပြည်ပြန်ပို့ကာ စစ်တပ်လက်ထဲ အပ်လိုက်မည်ဟု လူမိုက်ဆန်ဆန် ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း သိရသည်။
နစ်နာသူ ကျောင်းသားတစ်ဦးက “သူတို့က လူခေါ်ပေးရင် ပိုက်ဆံရလို့ လူတွေကို လိမ်ခေါ်နေတာပါ။ သူများချွေးနဲစာနဲ့ ရှာထားတဲ့ငွေကို အလွယ်တကူ စားနေကြတာ။ စာမေးပွဲတောင် မဖြေရသေးဘဲ ဘွဲ့ယူခိုင်းတာမျိုးတွေအထိ ပညာ ရေးစနစ်က လုံးဝအဓိပ္ပာယ်မရှိတာပါ” ဟု ပြောကြားသည်။
လက်ရှိတွင် နစ်နာသူများထံ၌ အသံဖိုင်သက်သေများ၊ လက်မှတ်အတု ပြုလုပ်ပေးသည့် ဓာတ်ပုံများနှင့် ခြိမ်းခြောက်သည့် အထောက်အထားများ ခိုင်လုံစွာ ရှိနေပြီး နောက်ထပ် လူငယ်များ အဆိုပါ MRVT ကျောင်းနှင့် ချိတ်ဆက်၍ အလိမ်မခံရစေရေးအတွက် ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခြင်းဖြစ်ကြောင်း သိရှိရသည်။
ရန်ကုန်ခေတ်သစ်သတင်းဌာနအနေဖြင့် အဆိုပါကျောင်းကို ဆက်သွယ်မေးမြန်းရာ ကျောင်းတည်ထောင်သူ အေးမင်းထွန်းက “MRVT College ၏ တည်ထောင်သူများအနေဖြင့်လည်း ကျောင်းသူကျောင်းသားများအပေါ် နှုတ်ဖြင့်ဖြစ်စေ၊ ကိုယ်အမူအရာဖြင့် ဖြစ်စေ ၊ ရိုင်းစိုင်းစွာ ပြုမူခြင်း အလျဉ်း မရှိပါ။ MRVT College မှ ကျောင်းသူကျောင်းသားများသည် ထိုင်းနိုင်ငံ Thonburi University တွင် ကျောင်းတက်ရင်း အလုပ်လုပ်သည်ဟု ဆိုရာတွင်ကျောင်းတက်ရင်း နှင့် Internship လုပ်ကိုင်ခွင့်ကို ရရှိခြင်းဖြစ်ပါသည်။
ထို့အပြင် လက်ရှိအချိန်တွင်လည်း MRVT College မှတဆင့် ထိုင်းနိုင်ငံရှိ Thonburi University တွင် တက်ရောက်ပညာသင်ကြားနေကြသော ကျောင်းသူကျောင်းသား အမြောက်အမြားရှိနေပါသည်။ MRVT College အနေဖြင့် ထိုင်းနိုင်ငံ Thonburi University တွင် တက်ရောက်နေသော ကျောင်းသူကျောင်းသားများကို တရားမဝင်သော မှောင်ခိုအလုပ်များ လုပ်ကိုင်စေခြင်း လုံးဝ (လုံးဝ) မရှိပါ။ ထိုကဲ့သို့သော တရားမဝင်မှောင်ခိုလုပ်ကိုင်သော ကျောင်းသူကျောင်းသားများကိုလည်း ထိုင်းနိုင်ငံရှိ Thonburi University မှ Internship Letter ထုတ်ပေးခြင်း လုံးဝ (လုံးဝ) မရှိပါ။”ဟု ပြောဆိုသည်။
MRVT College အနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား တရားမဝင် မှောင်ခိုအလုပ်လုပ်ကိုင်ခြင်းများကို တားမြစ်ကာ တရားဝင် Internship အလုပ်အကိုင်များရရှိစေရန်သာ ကူညီချိတ်ဆက်ပေးလျက်ရှိပြီး၊ ပညာသင်ချေးငွေနှင့် Scholarship ရယူထားသူများအတွက်လည်း အတိုးနှုန်းမယူဘဲ နှစ်ဦးသဘောတူ ယုံကြည်မှုဖြင့်သာ အရစ်ကျပြန်လည်ပေးဆပ်စေခြင်းဖြစ်ပြီး မည်သည့်ခြိမ်းခြောက်မှုစာချုပ်မျိုးမျှ ချုပ်ဆိုထားခြင်းမရှိကြောင်း ဆက်လက်ပြောဆိုသည်။
အချို့သောကျောင်းသားများမှာ ချေးငွေပြန်လည်ပေးဆပ်ရန် ပျက်ကွက်မှုများရှိသော်လည်း ကျောင်းဘက်မှ အရေးယူခြင်း၊ ရိုင်းစိုင်းစွာတောင်းဆိုခြင်း သို့မဟုတ် ဗီဇာပိတ်ပင်၍ နေရပ်ပြန်ပို့ခြင်းများ လုံးဝ (လုံးဝ) ပြုလုပ်ခဲ့ခြင်းမရှိကြောင်းနှင့် နစ်နာမှုရှိသည်ဟု ဆိုသူများအနေဖြင့်လည်း ကျောင်းရုံးခန်းသို့ ၂၄ နာရီပတ်လုံး ကိုယ်တိုင်လာရောက် ညှိနှိုင်းဖြေရှင်းနိုင်ကြောင်း အသိပေးထားသည်။









