36 C
Yangon

အင်ဒိုနီးရှားတွင် မင်းအောင်လှိုင်အပေါ် တိုင်ကြားသည့်အမှုအပေါ် ရှေ့နေချုပ်ရုံးက စတင်ကိုင်တွယ်သည့်အနေဖြင့် ကြီးလေးသော ရာဇဝတ်မှုများ စစ်ဆေးသည့်ဌာနသို့ လွှဲပြောင်း

Must read

ရန်ကုန်၊ ဧပြီ ၉

မြန်မာစစ်ခေါင်းဆောင်အပေါ် တရားစွဲဆိုထားသည့် အမှုကို အင်ဒိုနီးရှား ရှေ့နေချုပ်ရုံးက တရားဝင်လက်ခံလိုက်ပြီ ဖြစ်ပြီး ယင်းအမှုကို ကြီးလေးသော ရာဇဝတ်မှုများကို အထူးပြုစစ်ဆေးသည့် ဌာနခွဲသို့ လွှဲပြောင်းပေးကာ စတင်ကိုင်တွယ်နေပြီဖြစ်ကြောင်း ရှေ့နေချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက AFP သတင်းဌာနထံသို့ အတည်ပြု ပြောကြားသည်။

ဧပြီလ ၆ ရက်နေ့ မင်းအောင်လှိုင်ကို ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုဖြင့် အရေးယူပေးရန် ရိုဟင်ဂျာ ၁ ဦး နှင့် အင်ဒိုနီးရှားနိုင်ငံမှ ထင်ရှားကျော်ကြားသူလူပုဂ္ဂိုလ် ၁၀ ဦးတို့က အင်ဒိုနီးရှားနိုင်ငံ၏ ရာဇဝတ်ကျင့်ထုံးဥပဒေသစ်အရ တရားဝင်ဖိုင်တွဲ တင်သွင်းတိုင်ကြားခဲ့သည်။

လက်ရှိတွင် အင်ဒိုနီးရှား ရှေ့နေချုပ်ရုံးမှ ပြောရေးဆိုခွင့်ရှိသူက အဆိုပါ တိုင်ကြားချက်ကို ကြီးလေးသော ရာဇဝတ်မှုများဆိုင်ရာ ဌာနခွဲသို့ လွှဲပြောင်းပေးပြီဖြစ်ကြောင်း အတည်ပြုထားသည်။

အင်ဒိုနီးရှားနိုင်ငံတွင် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုဖြင့် အမှုဖွင့်ခံထားရသည့် မင်းအောင်လှိုင်နှင့် စစ်တပ်ကို မွတ်စလင်ကမ္ဘာက ဝိုင်းဝန်းဆန့်ကျင်ကြရန် အမှုဖွင့်တိုင်ကြားခဲ့သူ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ ယာစမင်းအူလား (Yasmin Ullah) က တိုက်တွန်းလိုက်သည်။

ယာစမင်းအူလားသည် မြန်မာနိုင်ငံ၏ ရွေးကောက်ခံသမ္မတ ဖြစ်လာမည့် မင်းအောင်လှိုင်အား အနည်းစု မွတ်စလင်ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲကာ အင်ဒိုနီးရှား ရှေ့နေချုပ်ရုံးထံ တိုင်ကြားခဲ့သည့် တရားလို ၁၁ ဦးအနက် တစ်ဦးဖြစ်သည်။

အင်ဒိုနီးရှားဥပဒေတွင် “Universal Jurisdiction” (ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်) ပြဋ္ဌာန်းချက် ပါရှိသဖြင့် မည်သည့်နေရာတွင်မဆို ကျူးလွန်ခဲ့သည့် ဆိုးရွားသော ရာဇဝတ်မှုများအတွက် တစ်ဦးတစ်ယောက်ချင်းစီကို တရားစွဲဆိုခွင့်ရှိသည်။

ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူများသည် ယခင်ကလည်း အလားတူဥပဒေမျိုးရှိသည့် အာဂျင်တီးနားနိုင်ငံရှိ တရားရုံးတစ်ခုတွင် အမှုဖွင့်လှစ်ခဲ့ဖူးသည်။

အသက် ၃၄ နှစ်အရွယ်ရှိ အူလားသည် မြန်မာနိုင်ငံမှ အသက် ၃ နှစ်အရွယ်တွင် ထွက်ခွာခဲ့ပြီးနောက် ကနေဒါနိုင်ငံတွင် အခြေချနေထိုင်ကာ Rohingya Maiyafuinor Collaborative Network အမည်ရှိ လှုပ်ရှားမှုအဖွဲ့ကို တည်ထောင်ခဲ့သူဖြစ်သည်။

သူမက အင်ဒိုနီးရှားနိုင်ငံကို ရွေးချယ်ခဲ့ရခြင်းနှင့် ပတ်သက်၍ “ဒီနိုင်ငံဟာ ကမ္ဘာပေါ်မှာ မွတ်စလင်ဦးရေ အများဆုံးရှိတဲ့ နိုင်ငံဖြစ်သလို၊ အစ္စလာမ်ဘာသာဟာ တာဝန်ယူမှု တာဝန်ခံမှုဆိုတဲ့ အခြေခံမူပေါ်မှာ တည်ဆောက်ထားတာကြောင့် ဖြစ်ပါတယ်” ဟု ဧပြီလ ၈ ရက်နေ့က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

၎င်းက ဆက်လက်၍ “ကျွန်မအနေနဲ့ အင်ဒိုနီးရှား ခေါင်းဆောင်ပိုင်းနဲ့ အာဆီယံခေါင်း ဆောင်တွေကို ကျွန်မတို့ လိုလားတဲ့ အနာဂတ်အကြောင်း သေချာစဉ်းစားပေးကြဖို့ တောင်းဆိုချင်ပါတယ်။ အကယ်၍ ကျွန်မတို့ဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ အာဆီယံပြည်သူတွေအကြောင်းကို စဉ်းစားနေတယ်ဆိုရင် ဒီဒေသ မတည်ငြိမ်မှုရဲ့ အရင်းခံအကြောင်းတရားဖြစ်တဲ့ မြန်မာစစ်တပ်ကို အဆုံးသတ်ဖို့ ပိုပြီး စဉ်းစားဖို့ လိုပါလိမ့်မယ်” ဟု ဆိုသည်။

မြန်မာစစ်ကောင်စီသည် ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းယူခဲ့ပြီး ဆယ်စုနှစ်ပေါင်းများစွာအတွင်း အထူးသဖြင့် ရိုဟင်ဂျာကဲ့သို့သော တိုင်းရင်းသားလူနည်းစုများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ပြုလုပ်ခဲ့ကြောင်း တက်ကြွလှုပ်ရှားသူများက ဝေဖန်ထောက်ပြကြသည်။

“တစ်နေ့မှာ မင်းအောင်လှိုင်ကို တရားရုံးမှာ ရင်ဆိုင်ပြီး သူကျူးလွန်ခဲ့တဲ့ ဒုက္ခသည်တွေနဲ့ တကယ် မျက်နှာချင်းဆိုင်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ အဲဒီ ဒုက္ခသည်တချို့ဟာ အခု အင်ဒိုနီးရှားမြေပေါ်မှာ ရှိနေပါတယ်” ဟု အူလားက ပြောကြားသည်။

မြန်မာစစ်ခေါင်းဆောင်များကမူ အင်ဒိုနီးရှားရှိ အမှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိသေးသော်လည်း ရိုဟင်ဂျာများသည် ဘင်္ဂလားဒေ့ရှ်မှ ဝင်ရောက်လာသူများသာဖြစ်ကြောင်းနှင့် ၂၀၁၇ ခုနှစ်အတွင်း နှိမ်နင်းမှုမှာ အကြမ်းဖက်သောင်းကျန်းသူများကိုသာ ပစ်မှတ်ထားခြင်းဖြစ်ကြောင်း ယခင်က ငြင်းဆိုထားလေ့ရှိသည်။

မင်းအောင်လှိုင်သည် ၂၀၁၁ ခုနှစ်တွင် စစ်တပ်အကြီးအကဲ ဖြစ်လာခဲ့ပြီးနောက် ၎င်းဦးဆောင်သော စစ်တပ်၏ နှိမ်နင်းမှုများကြောင့် ရိုဟင်ဂျာ တစ်သန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြရသည်။

အင်ဒိုနီးရှားနိုင်ငံက နှစ်ပေါင်းများစွာအတွင်း ပင်လယ်ရေကြောင်းမှ အသက်စွန့်ထွက်ပြေးလာသည့် ရိုဟင်ဂျာဒုက္ခသည်များကို လက်ခံရရှိနေသည့် နိုင်ငံဖြစ်သည်။ အူလား၏ ပြောကြားချက်အရ လက်ရှိတွင် အင်ဒိုနီးရှား၌ ရိုဟင်ဂျာ ၇,၀၀၀ ခန့်ရှိပြီး အများစုမှာ အနောက်ဘက် အာချေးပြည်နယ်ရှိ ဒုက္ခသည်စခန်းများတွင် ခက်ခဲစွာ နေထိုင်နေကြရကြောင်း သိရသည်။

မိမိကိုယ်ကို လူမျိုးတုံးသတ်ဖြတ်မှုမှ လွတ်မြောက်လာသူတစ်ဦးအဖြစ် ဖော်ပြသည့် အူလားသည် လက်ရှိတွင် အာချေးရှိ ဒုက္ခသည်များနှင့် လက်တွဲလုပ်ဆောင်နေသလို၊ သူမ၏ မိသားစုဝင်အများစုမှာ မြန်မာနိုင်ငံတွင် ကျန်ရှိနေဆဲဖြစ်သဖြင့် ၎င်းတို့၏ ဘေးကင်းလုံခြုံရေးအတွက် နေ့စဉ်စိုးရိမ်နေရကြောင်း ပြောကြားခဲ့သည်။

(AFP သတင်းဌာန၏ Rohingya campaigner in Indonesia case urges Muslim world to oppose Myanmar junta ကို ပြန်လည် ကောက်နုတ် ဖော်ပြခြင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article