ရန်ကုန်၊ ဧပြီ ၉
နှစ်ဆန်းတစ်ရက်နေ့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေး အကျဉ်းသားများ၊ မြန်မာနိုင်ငံသားများ အားလုံး ကျန်းမာဘေးကင်းစေရန်အတွက် ဆုတောင်း မေတ္တာပို့သပေးခြင်း ပြုလုပ်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်လုပ်ငန်းအဖွဲ့က ယနေ့ ဧပြီလ ၉ ရက်နေ့တွင် ပြည်သူသို့ ပန်ကြားလွှာ ထုတ်ပြန်ခဲ့သည်။
မြန်မာနှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်ကူးအခါသမယတွင် နှစ်သစ်ကူးဆုတောင်းခြင်း၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေး အကျဉ်းသားများအားလုံးနှင့် မြန်မာနိုင်ငံသားများအားလုံး ကျန်းမာဘေးကင်းစေရန်အတွက် ဆုတောင်း မေတ္တာပို့သပေးခြင်းများကို မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ပေးကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များမှ လေးနက်စွာ တိုက်တွန်းနှိုးဆော်ထားသည်။
“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးဝင်းမြင့်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး ကျန်းမာကြပါစေ”၊ “လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးဝင်းမြင့်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ကြပါစေ” ၊ “မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအားလုံးကျန်းမာကြပါစေ၊ ဘေးဘယာဒုက္ခအန္တရာယ်အသွယ်သွယ်မှကင်းဝေးကြပါစေ” စသည့် ဆုတောင်း စကားများ အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဆုတောင်းမေတ္တာပို့သခြင်းကို သပြေပန်း၊ နှင်းဆီပန်း (သို့မဟုတ်) မိမိကြိုက်နှစ်သစ်ရာပန်းများ ကိုင်ဆောင်၍ သော်လည်းကောင်း၊ ပန်ဆင်၍ သော်လည်းကောင်း တစ်မိနစ်ခန့် ဆုမွန်ကောင်းတောင်းခြင်း ဗွီဒီယိုဖိုင်များကို ပြုလုပ်ပြီး မိမိတို့၏ လုံခြုံရေးအပေါ်မူတည်၍ Social Media (facebook) စာမျက်နှာများပေါ်တွင် ဖော်ပြပေးကြရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ်လုပ်ငန်းအဖွဲ့က မေတ္တာရပ်ခံထားသည်။




