ရန်ကုန်၊ ဧပြီ ၁၀
ဒုစစ်ခေါင်းဆောင် စိုးဝင်းကို ဥက္ကဋ္ဌအဖြစ်ခန့်အပ်၍ အကြမ်းဖက်အတိုင်ပင်ခံကောင်စီကို အဖွဲ့ဝင် ၁၁ ဦးဖြင့် မင်းအောင်လှိုင်က ဖွဲ့စည်းလိုက်သည်။
မင်းအောင်လှိုင်က စိုးဝင်းကို စစ်ဦးစီးချုပ်ရာထူးကို မပေးဘဲ အငြိမ်းစားယူခိုင်းခဲ့ပြီးနောက် အကြမ်းဖက်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ အဖြစ် နှစ်သိမ့် ခန့်အပ်လာခြင်းဖြစ်သည်။
အဆိုပါကောင်စီတွင် စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်များသာမက နိုင်ငံရေးပါတီအချို့မှ ခေါင်းဆောင်များဖြစ်ကြသည့် ကိုကိုကြီးနှင့် ချိုချိုကျော်ငြိမ်းတို့လည်း ပါဝင်လာသည်ကို တွေ့ရသည်။
ယခုဖွဲ့စည်းလိုက်သော အကြမ်းဖက် အတိုင်ပင်ခံကောင်စီက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ငြိမ်းချမ်းရေးနှင့် ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာ ကိစ္စရပ်များတွင် အကြံပေးရန်နှင့် ညှိနှိုင်းဆောင်ရွက်ရန်အတွက် ဖြစ်ကြောင်း ဖော်ပြထားသည်။
ကောင်စီ၏ ဥက္ကဋ္ဌအဖြစ် စိုးဝင်း၊ အတွင်းရေးမှူးအဖြစ် မောင်မောင်အေးတို့က တာဝန်ယူမည်ဖြစ်ပြီး ကျန်ကောင်စီဝင် ၉ ဦးမှာ သန်းဆွေ၊ ကိုကိုလှိုင်၊ မိုးအောင်၊ ဒေါက်တာရင်ရင်နွယ်၊ ချိုချိုကျော်ငြိမ်း (ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ)၊ ကိုကိုကြီး (ပြည်သူ့ပါတီဥက္ကဋ္ဌ)၊ မန်းငြိမ်းမောင်၊ ဒွဲဘူနှင့် ဇော်အေးမောင်တို့ ပါဝင်သည်။







