36 C
Yangon

၂၀၂၀ ရွေးကောက်ပွဲ၏ မဲမသမာမှုများကို မှန်မှန်ကန်ကန် သုံးသပ်ရှုမြင်မှုမရှိ၍ နိုင်ငံအနှံ့ ဆူပူအကြမ်းဖက်ကာ နိုင်ငံဆင်းရဲဒုက္ခတွင်းထဲရောက်အောင် ဖျက်ဆီးဟု အကြမ်းဖက် မင်းအောင်လှိုင် ထပ်ပြောပြန်

Must read

ရန်ကုန်၊ ဧပြီ ၁၁

၂၀၂၀ ရွေးကောက်ပွဲ၏ မဲမသမာမှုများကို မှန်မှန်ကန်ကန် သုံးသပ်ရှုမြင်မှုမရှိ၍ နိုင်ငံအနှံ့ ဆူပူအကြမ်းဖက်မှုများဖြစ်ပေါ်ပြီး နိုင်ငံဆင်းရဲဒုက္ခတွင်းထဲရောက်အောင် ဖျက်ဆီးနေကြောင်း အကြမ်းဖက် ဇွတ်သမ္မတ မင်းအောင်လှိုင်က ထပ်မံပြောဆိုပြန်သည်။

ယမန်နေ့ အကြမ်းဖက် လွှတ်တော်တွင် စကားပြောအပြီး သမ္မတအိမ်တော်တွင် အကြမ်း ဖက် မင်းအောင်လှိုင်က ဒုတိယအကြိမ် စကားထပ်ပြောစဉ် ယင်းကဲ့သို့ ပြောဆိုလာခြင်းဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲကြောင့် မဲလိမ်မဲခိုးမှုများ ဖြစ်ပေါ်နေချိန် လွဲမှားသော အတွေးအခေါ် အယူအဆများကြောင့် နိုင်ငံ မတည်မငြိမ်ဖြစ်ခဲ့ရပြီး စိတ်သဘောထားမမှန်ကန်သော လက်နက်ကိုင်များကလည်း နိုင်ငံကို ဆင်းရဲတွင်း ရောက်အောင် နည်းမျိုးစုံဖြင့် ဖျက်ဆီး ကြကြောင်း အကြမ်း ဖက် မင်းအောင်လှိုင်က ဆိုသည်။

“၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲရဲ့ မဲလိမ်မဲခိုးမှုတွေအပေါ် မှန်မှန်ကန်ကန် သုံးသပ်ရှုမြင်မှုမရှိဘဲ လွဲမှားတဲ့အတွေးအခေါ် အယူအဆတွေနဲ့ ပြည်တွင်းပြည်ပ အဖျက်အမှောင့်ပယောဂတွေကြောင့် ဆူပူအကြမ်းဖက်မှုတွေ နိုင်ငံအနှံ့မှာဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီအပေါ်မှာ စိတ်သဘောထားမမှန်တဲ့ တချို့သောတိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေကလည်း ပွဲလန့်တုန်းဖျာခင်း၊ မီးလောင်ရာလေပင့်လုပ်ပြီး နိုင်ငံကိုဆင်းရဲဒုက္ခတွင်းထဲရောက်အောင် နည်းမျိုးစုံလုပ်ကြံဖျက်ဆီးခဲ့ကြပါတယ်”ဟု အကြမ်းဖက် မင်းအောင်လှိုင်က ဆိုသည်။

လက်ရှိတွင် အကြမ်းဖက် အစိုးရသစ်အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး NCA လမ်းကြောင်းကို မဖြစ်မနေ အကောင်အထည်ဖော်မည်ဖြစ်ပြီး လက်နက်ကိုင် နည်းလမ်းဖြင့် ဖြေရှင်းနေကြမှုကို လုံး၀မှားယွင်းနေသည်ကို သိရှိလက်ခံကြရန် အကြမ်းဖက် မင်းအောင်လှိုင်က ဆိုပြန်သည။

“တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး (NCA) လမ်းကြောင်းကို မဖြစ်မနေဆက်လက်အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်။ ကြုံတွေ့နေရတဲ့ သဘောထားကွဲလွဲမှုတွေ၊ ဆန္ဒနဲ့လိုလားချက်တွေ၊ ဖြစ်သင့်ဖြစ်ထိုက်တာတွေကို လက်နက်ကိုင်နည်းလမ်းနဲ့ဖြေရှင်းနေကြတာဟာ လုံးဝမှားယွင်းနေတယ်ဆိုတာ သိရှိလက်ခံကြဖို့နဲ့ နိုင်ငံနဲ့ပြည်သူရဲ့အကျိုးကိုကြည့်ပြီး နိုင်ငံရဲ့အနာဂတ်အတွက် ဒီအမှားကိုအချိန်မီပြုပြင်ကြဖို့လိုအပ်ပါတယ်။ ဖြစ်ချင်တာတွေ တောင်းဆိုနေမဲ့အစား ဖြစ်သင့်တာပဲတောင်းဆိုပြီး ဖြစ်နိုင်တာတွေ ဆောင်ရွက်သွားဖို့လိုပါတယ်”ဟု အကြမ်းဖက် မင်းအောင်လှိုင်က ဆိုသည်။

ယင်းအပြင် မင်းအောင်လှိုင်က အတိတ်ကကဲ့သို့ နောက်ကြောင်းပြန်လှည့် သွားရခြင်းမျိုး မဖြစ်စေရန် အားလုံးက ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြရန် တိုက်တွန်းလိုသည်ဟု ထုတ်ဖော်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article