28 C
Yangon

ဂျပန်အခြေစိုက် KDDI နှင့် Sumitomo တို့ မြန်မာစစ်အုပ်စု၏ ဆက်သွယ်ရေးကုမ္ပဏီ (MPT) နှင့် ပူးပေါင်းဆောင်ရွက်နေမှုကို အဆုံးသတ်ပြီး မြန်မာနိုင်ငံမှ ထွက်ခွာရန် အရပ်ဘက်အဖွဲ့များ တောင်းဆို

Must read

ရန်ကုန်၊ ဇွန် ၂

ဂျပန်နိုင်ငံမှ KDDI Corporation နှင့် Sumitomo Corporation တို့အနေဖြင့် စောင့်ကြည့်ထောက်လှမ်းမှုနှင့် ဆင်ဆာဖြတ်တောက်မှုများ ပြုလုပ်နေသော မြန်မာစစ်အုပ်စုထိန်းချုပ်မှုအောက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် တာဝန်မဲ့ပူးပေါင်းဆောင်ရွက်နေမှုကို ချက်ချင်းအဆုံးသတ်ပြီး မြန်မာနိုင်ငံမှ တာဝန်ယူမှုရှိစွာ ထွက်ခွာရန် Justice For Myanmar၊ Mekong Watch နှင့် ဂျပန်အခြေစိုက် အရပ်ဘက်အဖွဲ့အစည်း ၅ ဖွဲ့တို့က ပူးတွဲတောင်းဆိုလိုက်သည်။

မြန်မာစစ်တပ်က အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည့် ၅ ပြီးနောက် မြန်မာနိုင်ငံ၏ အင်တာနက်အသုံးပြုမှုမှာ ကမ္ဘာပေါ်တွင် ကန့်သတ်ပိတ်ပင်မှုအများဆုံးစာရင်းသို့ ရောက်ရှိလာခဲ့သည်။

စစ်အုပ်စုသည် တရုတ်ကုမ္ပဏီ Geedge Networks နှင့် ပူးပေါင်းကာ တရုတ်နိုင်ငံ၏ အင်တာနက်ပိတ်ပင်ရေးမဟာရံစနစ် “Great Firewall” ကို အကောင်အထည်ဖော်ခဲ့ပြီး ပြည်သူများကို ခြေရာခံခြင်း၊ ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းများကို ပြုလုပ်လျက်ရှိသည်။

ယင်းစောင့်ကြည့်ထောက်လှမ်းရေးနှင့် ဆင်ဆာနည်းပညာကို MPT က ပထမဆုံး အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည့်အပြင်၊ စစ်အုပ်စု၏ ဝါဒဖြန့်ချိရေးဝက်ဘ်ဆိုက်များဖြစ်သော Infosheet နှင့် မြဝတီသတင်း (Myawaddy News) တို့ကိုလည်း ဝက်ဘ်ဆိုက်လွှင့်တင်မှု ဝန်ဆောင်မှုများ ပံ့ပိုးပေးနေသည်။

MPT လုပ်ငန်းကို စစ်အုပ်စုထိန်းချုပ်မှုအောက်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန (MOTC) နှင့် ဂျပန်ကုမ္ပဏီနှစ်ခုတို့အကြား အကျိုးတူဖက်စပ်တည်ထောင်ထားသည့် KDDI Summit Global Myanmar Co., Ltd. (KSGM) မှတစ်ဆင့် ပူးတွဲလည်ပတ်နေခြင်း ဖြစ်သည်။

ယင်းလူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ အရပ်ဘက်အဖွဲ့အစည်းများ၏ မေးမြန်းမှုကို ဂျပန်ကုမ္ပဏီများက ပြန်လည်ဖြေကြားရာတွင် ၎င်းတို့အနေဖြင့် KSGM ၏ ပံ့ပိုးကူညီမှုအခန်းကဏ္ဍကို လျှော့ချခဲ့ပြီး သဘောတူညီချက်ကို ပြင်ဆင်ခဲ့ကြောင်း၊ MPT နှင့် တရားဝင်မတည်ငွေရင်းဆိုင်ရာ ဆက်နွှယ်မှုမရှိသလို စောင့်ကြည့်ထောက်လှမ်းရေး ထုတ်ကုန်များနှင့် ဝက်ဘ်ဆိုက်ဝန်ဆောင်မှု အသေးစိတ်ကိုလည်း သိရှိထားခြင်းမရှိကြောင်း ပြောဆိုခဲ့သည်။

သို့သော် ယင်းအကြောင်းပြချက်များသည် လုံလောက်မှုမရှိကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ဝေဖန်ထားပြီး KDDI နှင့် Sumitomo တို့အနေဖြင့် MPT နှင့် ပူးပေါင်းဆောင်ရွက်နေမှုကို တာဝန်ယူမှုရှိစွာဖြင့် ချက်ချင်းအဆုံးသတ်ရန် တောင်းဆိုထားသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “MPT ဟာ အရပ်သားတွေကို စောင့်ကြည့်ဖို့၊ ဖမ်းဆီးဖို့၊ ညှဉ်းပန်းနှိပ်စက်ဖို့နဲ့ သတ်ဖြတ်ဖို့တွေအတွက် လက်ရှိအသုံးပြုနေတဲ့ စစ်တပ်ရဲ့ ဒစ်ဂျစ်တယ်ထိန်းချုပ်မှုယန္တရားရဲ့ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ Sumitomo နဲ့ KDDI တို့ရဲ့ MPT နဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်နေမှုက မြန်မာပြည်သူတွေအတွက်သာမက လူ့အခွင့်အရေးဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုတွေအတွက် နိုင်ငံတကာဥပဒေအရပါ တာဝန်ခံရနိုင်ခြေ ရှိတဲ့အတွက် ကုမ္ပဏီတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေအပေါ်မှာလည်း အန္တရာယ်ဖြစ်စေပါတယ်။ သူတို့အနေနဲ့ MPT နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ချက်ချင်းအဆုံးသတ်ပြီး တာဝန်သိစွာ ထွက်ခွာသင့်ပါတယ်” ဟု ပြောကြားသည်။

ထို့အတူ Mekong Watch ၏ အမှုဆောင်ဒါရိုက်တာ ယူကာ ကီဂူချီကလည်း “ယနေ့အထိ MPT ကို နည်းပညာအမျိုးမျိုး ပံ့ပိုးပေးခဲ့ပြီးဖြစ်တဲ့ KDDI နဲ့ Sumitomo တို့အနေနဲ့ မတည်ငွေရင်းဆိုင်ရာမှာ ဆက်နွှယ်မှုမရှိဘူးလို့ အကြောင်းပြပြီး လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရမယ့် သူတို့ရဲ့တာဝန်တွေကို ရှောင်လွှဲလို့မရပါဘူး။ မြန်မာစစ်အုပ်စုက လူ့အခွင့်အရေးချိုးဖောက်မှု‌တွေ ကျူးလွန်နေချိန်မှာ ဒီကုမ္ပဏီနှစ်ခုက MPT ကို ဆက်လက်ပံ့ပိုးပေး

နေတာကို လူ့အခွင့်အရေး ကာကွယ်စောင့် ရှောက်ရမယ့် သူတို့ရဲ့တာဝန်ဝတ္တရားတွေ ဖြည့်ဆည်းဆောင်ရွက်နေတာပါလို့ မှတ်ယူလို့ မရနိုင်ပါဘူး” ဟု ထောက်ပြပြောကြားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article