25.8 C
Yangon

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ခိုးဝင်သည့် စစ်ဘေးရှောင် ခူမီးတိုင်းရင်းသား ၄၇ ဦးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီး

Must read

ရန်ကုန်၊ ဇွန် ၇

မြန်မာနိုင်ငံဘက်ခြမ်းတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်ဒရီဘန် (Bandarban) ခရိုင်၊ သန်ချီ (Thanchi) နယ်စပ်မှတစ်ဆင့် တရားမဝင် ခိုးဝင်လာသည့် မြန်မာနိုင်ငံသား စစ်ဘေးရှောင် ခူမီးတိုင်းရင်းသား ၄၇ ဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) က ဖမ်းဆီးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်မှလာသော သတင်းများအရ သိရှိရသည်။

အဆိုပါ ခူမီးတိုင်းရင်းသားများသည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာအချို့မှ ဇွန်လ ၄ ရက် ကြာသပတေးနေ့ ညဉ့်နက်ပိုင်းတွင် နယ်စပ်ကို ဖြတ်ကျော်လာခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဇွန်လ ၅ ရက်နေ့ သောကြာနေ့ မွန်းလွဲပိုင်းတွင် သန်ချီမြို့နယ်၊ ရေမာခရီ (Remakri) ကျေးရွာအုပ်စု၊ ဟွိုင်ကိုခူမီးရွာရှိ နေအိမ်အချို့၌ ဝင်ရောက်ခိုလှုံနေစဉ် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးခံရသူများထဲတွင် အမျိုးသား၊ အမျိုးသမီးများနှင့်အတူ ကလေးငယ် ၁၁ ဦး ပါဝင်ကြောင်း သိရှိရသည်။

ဒေသခံများ၏ ပြောပြချက်အရ မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် စစ်ကောင်စီတပ်၊ ရက္ခိုင့်တပ်တော် (AA)၊ ARSA နှင့် RSO အဖွဲ့များကြား တိုက်ပွဲများ ပြင်းထန်နေသောကြောင့် ခူမီးမိသားစုများသည် လုံခြုံရေးအတွက် စိုးရိမ်ရသဖြင့် ဘေးကင်းရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်လာကြခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဆိုပါနယ်စပ်လမ်းကြောင်းမှတစ်ဆင့် နောက်ထပ် မိသားစုများ ထပ်မံဝင်ရောက်လာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိကြသည်။

လတ်တလောတွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) အရာရှိများက ဖမ်းဆီးရမိသူများ၏ မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် ခိုးဝင်လာရသည့် အခြေအနေများကို စိစစ်မေးမြန်းလျက်ရှိပြီး၊ လိုအပ်သော လုပ်ထုံးလုပ်နည်းများ ပြီးစီးပါက နိုင်ငံတကာနယ်စပ်လုပ်ထုံးလုပ်နည်းများနှင့်အညီ မြန်မာနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပို့ဆောင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

လတ်တလော ဖမ်းဆီးခံရသူ ၄၇ ဦးနှင့်ပတ်သက်သည့် သတင်းအချက်အလက်ကို အသေးစိတ် မသိရှိရသေးဘဲ ဖမ်းဆီးရရှိသူများကို ဘင်္ဂလားဒေ့ရှ်စစ်တပ်က ရဲစခန်းသို့ လွှဲပြောင်းပေးအပ်လာပါက မီဒီယာများကို ဆက်လက်အသိပေးသွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူများက ပြောကြားသည်။

မကြာသေးမီနှစ်များအတွင်းကလည်း ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ခူမီး၊ ခမ်းယီး၊ ဘောမ်နှင့် ရခိုင်ဗုဒ္ဓဘာသာဝင် အများအပြား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခိုလှုံခဲ့ကြဖူးသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article