26.9 C
Yangon

တရုတ်ခရီးစဉ်မှာ မင်းအောင်လှိုင်က သားနဲ့သမီးရဲ့ စီးပွားရေးလူယုံတွေကို ခေါ်သွားတဲ့အပြင် MAX ဇော်ဇော်၊ ရွှေသံလွင် ကျော်ဝင်း၊ အေးရှားဝေါလ် ထွန်းမြင့်နိုင်၊ ဒဂုံဝင်းအောင် ၊ ၊ UMFCCI ဥက္ကဋ္ဌ အေးဝင်း ပါအဝင် ခရိုနီ လုပ်ငန်းရှင်တွေ လူလုံးထွက်ပြ

Must read

ရန်ကုန်၊ ဇွန် ၁၉

တရုတ်ခရီးစဉ်မှာ မင်းအောင်လှိုင်က သားဖြစ်သူ ကိုအောင်ပြည့်စုံရဲ့ စီးပွားရေးလူယုံ မောင်မောင်နိုင်နဲ့ သမီးဖြစ်သူ မခင်သီရိသက်မွန်ရဲ့ စီးပွားရေးလူယုံ နိုင်ဖြိုးကျော်တို့ကို ခေါ်ဆောင်သွားတဲ့အပြင် MAX ဇော်ဇော်၊ ရွှေသံလွင် ကျော်ဝင်း၊ အေးရှားဝေါလ် ထွန်းမြင့်နိုင်၊ ဒဂုံဝင်းအောင်၊ UMFCCI ဥက္ကဋ္ဌ အေးဝင်း ပါအဝင် ခရိုနီလုပ်ငန်းရှင်တွေကလည်း လူလုံးထွက်ပြလာကြပါတယ်။

ဇွန်လ ၁၅ ရက်နေ့ကနေ ဇွန်လ ၁၉ ရက်နေ့အထိ သွားရောက်တဲ့ တရုတ်ခရီးစဉ်မှာ အခုလို စစ်တပ်ဘက်တော်သား ခရိုနီလုပ်ငန်းရှင်တွေက ပေါ်ပေါ်တင်တင် လူလုံးပြလာတာလည်း ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးကာလတစ်လျှောက်မှာ စစ်တပ်ဘက်တော်သား ခရိုနီလုပ်ငန်းရှင်တွေဟာ သိုသိုသိပ်သိပ်နဲ့ လူလုံးထွက်မပြဘဲ နေထိုင်ခဲ့ကြပေမယ့် အကြမ်းဖက် မင်းအောင် လှိုင်ရဲ့ တရုတ်ခရီးစဉ်မှာတော့ အခုလို လူလုံးထွက်ပြလာကြတာပါ။

မင်းအောင်လှိုင်ရဲ့ မေလ ၃၀ ရက်နေ့ကနေ ဇွန်လ ၃ ရက်နေ့အထိ သွားရောက်ခဲ့တဲ့ အိန္ဒိယခရီးစဉ်တုန်းကလည်း KBZ ဘဏ်ဥက္ကဋ္ဌ အောင်ကိုဝင်းနဲ့ 24 Hour Group of Companies ဥက္ကဋ္ဌ အောင်အောင်ဇော်တို့ လူလုံးထွက်ပြခဲ့ပါသေးတယ်။

ဇွန်လ ၁၈ ရက်နေ့ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ ကျင်းပတဲ့ “Myanmar-China Investment and Trade Networking Summit (MCITP-2026) Shanghai” ပွဲမှာတော့ ခရိုနီလုပ်ငန်းရှင်တွေအားလုံး လူစုံတက်စုံ တက်ရောက်ခဲ့ကြပါတယ်။

တရုတ်-မြန်မာစီးပွားရေး ဆွေးနွေးပွဲမှာ စစ်အုပ်စုရဲ့ စီးပွားရေးလောက်ကသားတွေအားလုံး စုံစုံညီညီ တက်ရောက်လာကြတာကိုလည်း တွေ့ရပါတယ်။

အထူးသဖြင့်တော့ NLD အစိုးရခေတ်မှာ ဒေါ်အောင်ဆန်းစုကြည်ဘေးမှာတွေ့ခဲ့ရတဲ့ MAX Myanmar Group ဥက္ကဋ္ဌ ဇော်ဇော်ဆိုရင်လည်း တရုတ်ခရီးစဉ်မှာ မင်းအောင်လှိုင်ရဲ့ နောက်လိုက်အဖြစ် တွေ့မြင်လာရပါတယ်။

ဒါ့အပြင် Asia World Group ပိုင်ရှင် ထွန်းမြင့်နိုင် (စတီဗင်လော)၊ UMFCCI ဥက္ကဋ္ဌ အေးဝင်း၊ ရွှေသံလွင် Group ဥက္ကဋ္ဌ ကျော်ဝင်းတို့ကိုလည်း မြင်တွေ့ရပြီး ကျော်ဝင်းကတော့ တရုတ်-မြန်မာစီးပွားရေးဆွေးနွေးပွဲမှာ ဦးဆောင်အခန်းကဏ္ဍက ပါဝင်နေတယ်လို့ သိရပါတယ်။

ATOM ဒုတိယအမှုဆောင်အရာရှိချုပ် ဝင်းပိုင်ကျော်၊ အောင်ပြည့်စုံရဲ့ စီးပွားရေး လူယုံ မောင်မောင်နိုင်၊ ခင်သီရိသက်မွန်ရဲ့ စီးပွားရေးလူယုံ နိုင်ဖြိုးကျော်တို့ဟာကလည်း စီးပွားရေး ဆွေးနွေးပွဲတင်မကဘဲ မင်းအောင်လှိုင် ခရီးစဉ်တစ်လျှောက်လုံး လိုက်ပါနေတာကို မြင်တွေ့ရပါတယ်။

လက်ရှိ တရုတ်- မြန်မာ စီးပွားရေးစင်္ကြန် စီမံကိန်းနဲ့ ပိုးလမ်းမ စီမံကိန်းအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူထားတာမို့ အဲဒီ စီမံကိန်းနောက်ဆက်တွဲအဖြစ် ကျောက် ဖြူရေနက်ဆိပ်ကမ်း၊ မူဆယ်-မန္တလေး ရထားလမ်း စီမံကိန်းတွေ အမြန်ဆုံး စတင်မယ်လို့ နှစ်နိုင်ငံက ကြေညာချက်ထုတ်ထားပါတယ်။

ဒါကြောင့်ပဲ နှစ်နိုင်ငံ စီမံကိန်းတွေမှာ သူ့ထက်ငါ အလုအယက် စီးပွားရေးလုပ်ကွက်တွေနဲ့ လုပ်ပိုင်ခွင့်တွေရရှိဖို့ ခရိုနီတွေအားလုံး ကြိုက်မရှက် ငိုက်မရှက် လူလုံးထွက်ပြပြီး အကျိုးစီးပွားအတွက် အပြိုင်အဆိုင် ပြန်လည် စုရုံးကြတဲ့သဘောဖြစ်တယ်လို့ UMFCCI စီးပွားရေး သတင်းရင်းမြစ်က သုံးသပ်ပြောဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုက နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုခံနေရချိန်မှာ အိမ်နီးချင်း အိန္ဒိယ နဲ့ တရုတ်တို့ရဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံ့ စီးပွားရေး ပြန်လည် လည် ပတ်အောင် ကြိုးစားဖို့ ရည်ရွယ်နေပေမယ့်လည်း လက်တွေ့မှာတော့ အဲဒီလို ဖြစ်လာဖို့က ခက်ခဲနေတယ်လို့ဆိုပါတယ်။

“အိန္ဒိယ ခရီးစဉ်အပြီးမှာ အိန္ဒိယဘက်က ထင်သလောက်တော့ ရင်းနှီးမြှုပ်နှံမှု ဝင်မလာဘူး။ ဒီဘက်မှာ မတည်ငြိမ်မှုတွေနဲ့ ပဋိပက္ခတွေကို အဓိက ကြောက်နေကြတယ်လို့ သုံးသပ်ရပါတယ်။ တရုတ်ဘက်ကလည်း နှစ်နိုင်ငံ G to G စီမံကိန်းကလွဲရင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာဖို့တော့ နည်းမယ်လို့ ထင်ပါတယ်” ဟု UMFCCI သတင်းရင်းမြစ်က ပြောဆိုပါတယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article