26.9 C
Yangon

ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတွင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့လှုပ်ရှားမှုအပြီး စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ပြည်သူ ၂ ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇွန် ၁၉

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့လှုပ်ရှားမှု သပိတ်ပြုလုပ်ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ကားဝပ်ရှော့ဆိုင်တစ်ခု ပျက်စီးခဲ့ကြောင်း ဖားကန့်ဒေသ သတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ ဇွန်လ ၁၉ ရက် နံနက်ပိုင်း ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာ၌ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှု သပိတ်ကို ပြည်သူများက ပြုလုပ်ခဲ့ကြသည်။

ထိုသို့ လှုပ်ရှားမှုပြုလုပ်ပြီးနောက် ယနေ့ မွန်းတည့် ၁၂ နာရီခန့်တွင် ဖားကန့်ဗျူဟာကုန်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဆိုင်းတောင်ကျေးရွာ၊ ရပ်ကွက် ၃၊ တံတားကြီးထိပ်ရှိ ကားဝပ်ရှော့ဆိုင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။ ထိုပေါက်ကွဲမှုကြောင့် ဆိုင်အတွင်းရှိ အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဝပ်ရှော့ဆိုင်လည်း ပျက်စီးသွားခဲ့သည်။

ဖားကန့်ဒေသသတင်းရင်းမြစ်က “အမျိုးသားတစ်ယောက်က ခါးမှာ ထိမှန်တာဖြစ်ပြီး ဒဏ်ရာက စိုးရိမ်ရပါတယ်။ နောက်တစ်ယောက်ကတော့ ပခုံးနဲ့ ကျောမှာ ထိတာဖြစ်လို့ မစိုးရိမ်ရပါဘူး။ ဆိုင်းတောင် ရပ်ကွက် ၃ ထဲက ကားဝပ်ရှော့ပေါ်ကို ကျတာပါ။ ဖားကန့် ဗျူဟာကုန်းဘက်ကနေ ပစ်တာဖြစ်ပြီး ဒီနေ့ ဆိုင်းတောင်ဘက်မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့သပိတ် လှုပ်ရှားမှု ရှိခဲ့ပါတယ်။ ဒါပေမဲ့ သပိတ်လုပ်ပြီးမှ လက်နက်ကြီး ကျလာတာပါ” ဟု ပြောကြားသည်။

ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည့် ဖားကန့်ပြည်သူများ၏ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှား မှုတွင် မတရားဖမ်းဆီးခံထားရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ဆန္ဒပြပွဲတွင် ဖားကန့်ပြည်သူများက “Let’s continue fighting alongside Mother Suu” (အမေစုနှင့်အတူ ဆက်လက်တိုက်ပွဲဝင်ကြ)၊ “မတရားဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ”၊ “ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းလွှတ်”၊ “စစ်အာဏာရှင်စနစ် အမြစ်ဖြတ်သည်အထိ ပြည်သူအားလုံး ပါဝင်စို့”၊ “တော်လှန်ရေးအင်အားစုအားလုံး စည်းစည်းလုံးလုံးဖြင့် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်သည်အထိ ပူးပေါင်းတိုက်ပွဲဝင်ကြစို့” စသည့် စာသားပါ ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ကြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article