26.9 C
Yangon

ပင်လောင်း-ဖယ်ခုံအစပ်ရှိ ကျေးရွာကို စစ်တပ်က လေကြောင်းနှင့် ဒရုန်းဖြင့် တိုက်ခိုက်၍ ပြည်သူ ၁ ဦး ဒဏ်ရာရ၊ မြင်းမူနှင့် စလင်းတွင်လည်း စစ်တပ်က ဒရုန်းများဖြင့် တိုက်ခိုက်

Must read

ရန်ကုန်၊ ဇွန် ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်နှင့် ဖယ်ခုံမြို့နယ်အစပ်ရှိ ပြင်ဆောင်ကျေးရွာ (ဒေသအခေါ် ဆီးဘူးဒေသ) ကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေ ကြောင်း နှင့် ဒရုန်းများအသုံးပြုကာ ဗုံးသီးအလုံး ၄၀ ခန့်ဖြင့် ၈ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက် ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်အများအပြား ပျက်စီးခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

ဒေသသတင်းရင်းမြစ်များ၏ ပြောကြားချက်အရ ဇွန်လ ၁၈ ရက်နေ့ ည ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် စစ်ကောင်စီတပ်က ပြင်ဆောင်ကျေးရွာကို လေယာဉ်နှင့် ဒရုန်းများအသုံးပြု၍ အင်အားပြင်းဗုံးသီးများ ကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ပြင်ဆောင်ကျေးရွာမှ အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျေးရွာအတွင်းရှိ နေအိမ်အများအပြားလည်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်ပွားတာမျိုး လုံးဝမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းကနေ ၈ ကြိမ်တိုင်တိုင် လာရောက်ဗုံးကျဲတိုက်ခိုက်သွားတာပါ။ ဒဏ်ရာရရှိသူက ပြင်ဆောင်ရွာသား အသက် ၂၀ ကျော်အရွယ် အမျိုးသားတစ်ဦး ဖြစ်ပါတယ်။ နေအိမ်ပျက်စီးမှုတွေလည်း များပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းနေတဲ့အချိန်မှာ လာရောက်တိုက်ခိုက်တာဖြစ်ပြီး လေယာဉ်အသံ မသိသာအောင် လမ်းကြောင်းပြောင်းပျံသန်းမှုတွေနဲ့ လာရောက်ခဲ့တာပါ။ ကျဲချသွားတဲ့ ဗုံးတွေဟာ ပေါင် ၅၀၀ ဗုံးတွေဖြစ်တယ်လို့ သိရပါတယ်” ဟု ဒေသသတင်းရင်းမြစ်က ပြောကြားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်နှင့် မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ကျေးရွာများကိုလည်း စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အသေခံဒရုန်းများ (Kamikaze Drone) နှင့် ဒရုန်းဗုံးသီးများအသုံးပြု၍ ဆက်တိုက်တိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောဆိုသည်။

မြင်းမူမြို့နယ်တွင် ယနေ့ ဇွန်လ ၁၉ ရက် နံနက် ၇ နာရီ ၂၂ မိနစ်ခန့်က အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) ဘက်မှ ပျံတက်လာသည့် အသေခံဒရုန်း ၃ စီးဖြင့် တောချောင်းဦးကျေးရွာရှိ ဘုန်းကြီးကျောင်းကို ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်ပျက်စီးမှုများ မရှိခဲ့သော်လည်း ဘုန်းကြီးကျောင်းရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများ အဓိကအားထားအသုံးပြုနေသည့် ရေစင်ကြီးမှာ ထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ လေကြောင်းကနေ လာရောက်တိုက်ခိုက်တာ ဖြစ်ပါတယ်။ ပြည်သူထိ ခိုက်မှုမရှိပေမယ့် သံဃာတော်တွေနဲ့ ဒေသခံတွေ သောက်သုံးရေအတွက် အသုံးပြုနေတဲ့ ရေစင်ကြီး ပျက်စီးသွားပါတယ်။ ပြည်သူတွေအနေနဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းအန္တရာယ်နဲ့ လေကြောင်းအန္တ ရာယ်တွေကို အထူးသတိထား နေထိုင်ကြဖို့ လိုပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ထို့အပြင် မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ကျေးရွာများကိုလည်း စစ်ကောင်စီတပ်က ဒရုန်းများအသုံးပြု၍ ဗုံးကျဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန်လ ၁၈ ရက်နေ့တွင် စလင်းမြို့နယ် အနောက်ဘက်ရှိ စက်သုံးဆီဆိုင်များအနီးမှ လွှတ်တင်ခဲ့သော ဒရုန်းများဖြင့် ဝမ်းပြည့်ကျေးရွာရှိ ဓမ္မာရုံအနီးသို့ ဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ဗုံးသီးတစ်လုံးသာ ပေါက်ကွဲခဲ့ပြီး ကျန်တစ်လုံးမှာ မပေါက်ကွဲဘဲ ဓမ္မာရုံအနီးရှိ သရက်ပင်ဘေးသို့ ကျရောက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကြောင့် ပြည်သူထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်ပျက်စီးမှုများ မရှိခဲ့သော်လည်း ဒေသခံများအကြား စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ဒေသခံများ၏ ပြောကြားချက်အရ အဆိုပါတိုက်ခိုက်မှုသည် စစ်ကောင်စီနှင့် ပူးပေါင်းသတင်းပေးပို့သူများ၏ သတင်းအချက်အလက်များအပေါ် အခြေခံ၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း သိရသည်။

ထို့ပြင် ယခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့ကလည်း စလင်းမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ဒရုန်းများနှင့် အသေခံဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြည်သူပိုင် နွား ၃ ကောင် သေဆုံးခဲ့သည့် ဖြစ်စဉ်များလည်း ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article