26.9 C
Yangon

ရန်ကုန်၊ မန္တလေး၊ မုံရွာနှင့် စစ်ကိုင်းတို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်လှုပ်ရှားမှုများကြောင့် ပြည်သူအများအပြားကို စစ်တပ်က ဖမ်းဆီး

Must read

ရန်ကုန်၊ ဇွန် ၁၉

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၁ နှစ်ပြည့်မွေးနေ့ဖြစ်သည့် ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ရန်ကုန်၊ မန္တလေး၊ မုံရွာနှင့် စစ်ကိုင်းမြို့များ၌ မွေးနေ့အထိမ်း အမှတ်အဖြစ် နှင်းဆီပန်းပန်ဆင်ခြင်း၊ ဘုရားပန်းကပ်လှူခြင်းနှင့် သင်္ကေတဆိုင်ရာ လှုပ် ရှားမှုများ ပြုလုပ်ခဲ့ကြရာ စစ်တပ်က ပြည်သူအများအပြားကို ဖမ်းဆီးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရည်။

ယနေ့ နံနက်ပိုင်း ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်ရှိ ဘေလီတံတားထိပ် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်အနီးတွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် ဗီနိုင်းချိတ်ဆွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ယနေ့ နေ့လယ် ၁ နာရီခွဲခန့်တွင် စက်ဘီးစီးသွားလာနေသည့် လူငယ်အချို့ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

” နေ့လယ်ပိုင်းက ဘေလီတံတားနားမှာ စစ်တပ်က စက်ဘီးစီး Delivery ပို့တဲ့ လူငယ် ၁ ဦး အဖမ်းခံရတယ်။ ဘေးတွဲ ဆိုင်ကယ်မောင်းတဲ့ လူငယ် ၁ ဦးလည်း အဖမ်းခံရတယ်။ ဘာကြောင့် ဖမ်းလဲတော့မသိဘူး” ဟု မျက်မြင်ကြုံတွေ့ခဲ့ရသော ပြည်သူတစ်ဦးက ရှင်းပြ သည်။

ယနေ့ နံနက်ပိုင်းမှစ၍ ရန်ကုန်မြို့အနှံ့တွင်လည်း စစ်တပ်၊ ရဲများ၊ ပျူစောထီးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက လုံခြုံရေးတင်းကျပ်စွာ ချထားပြီး ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ လှုပ်ရှားမှု ပါဝင်သည်ဆိုသော သံသယဖြင့် ပြည်သူများကို ခေါ်ယူစစ်ဆေးမှုများ ရှိခဲ့ကြောင်း ရန်ကုန်ကင်းထောက်အဖွဲ့များထံမှ သိရသည်။

ဗဟန်းမြို့နယ်တွင် အနီရောင်အင်္ကျီဝတ်ဆင်ထားသူအချို့ကို စစ်တပ်က ခေါ်ယူစစ်ဆေးခဲ့ပြီး တောင်ဒဂုံမြို့နယ်၌ ရပ်ကွက်အတွင်းလမ်းများအထိ ကင်းလှည့်ခဲ့ကြောင်း သိရသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ သပိတ်လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည့် ဘေလီတံတားရှိ ဗိုလ်ချုပ်ကြေးရုပ်နှင့် ကားမှတ်တိုင်များကိုလည်း လိုက်လံစစ်ဆေးခဲ့သည်။

အလားတူ ယနေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အောင် ချမ်းအေးရပ်ကွက် ၃၆(A) လမ်းနှင့် ၇၀(A) လမ်းထောင့်ရှိ ရတနာဝင်းအိမ်ဆိုင်မှ ဒေါ်ကြည်ကြည်ဝင်းနှင့် သမီးဖြစ်သူ မဇင် (ခေါ်) မိဇင်သည် ဦးခေါင်းတွင် နှင်းဆီပန်းပန်ဆင်ကာ အောင်တော်မူဘုရားသို့ သွားရောက်စဉ် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ယနေ့ ညနေပိုင်းအထိ နှင်းဆီပန်း ပန်ခဲ့သော ဒေါ်ကြည်ကြည်ဝင်းနှင့် သမီး မိဇင်တို့ လွတ် မြောက်လာခြင်းမရှိကြောင်း သိရှိရသည်။

ထို့ပြင် မန္တလေးမြို့တွင် 81 Electronic ကုမ္ပဏီ၏ အားကစားဝတ်စုံဝတ်ဆင်သော အမျိုး သား ၂ ဦးကို စစ်တပ်က ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။ အဆိုပါ အင်္ကျီမှာ 81 Electronic ကုမ္ပဏီက ဇွန်လ ၇ ရက်နေ့က မန္တလေးမြို့တွင် အပြေးပြိုင်ပွဲတွင် ပေးအပ်ဖြန့်ဝေခဲ့သော အင်္ကျီဖြစ်ပြီး မန္တလေးမြို့ခံအများအပြားထံ ဖြန့်ဝေခဲ့သော အင်္ကျီလည်းဖြစ်သည်။

ထို့အတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင်လည်း ဗိုလ်တေဇလမ်းထိပ်ရှိ အသီးဆိုင်တစ်ဆိုင်၌ ဘုရားစင်ပေါ်တွင် နှင်းဆီပန်းများ ကပ်လှူထားသည်ကို တွေ့ရှိပြီးနောက် ဆိုင်ပိုင်ရှင်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မုံရွာကင်းထောက်အဖွဲ့များထံမှ သိရှိရသည်။

မုံရွာမြို့အတွင်း ပြည်ထောင်စုလမ်း၊ သာစည်လမ်း၊ ကျောက်ကာလမ်း၊ အောင်မဟာလမ်း၊ စက်မှုဇုန်၊ နန္ဒဝန်၊ ကမ်းနားလမ်းနှင့် ဗိုလ်ချုပ်လမ်းများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် လက်နက်ကိုင်အဖွဲ့များက အိမ်စီးကားများဖြင့် လှည့်လည်ကင်းလှည့်နေပြီး နှင်းဆီပန်းပန်ဆင်ထားသူများ၊ အိမ်ရှေ့တွင် နှင်းဆီပန်းများ ထိုးထားသူများကို လိုက်လံဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံများထံမှ သိရသည်။

ထို့အပြင် စစ်ကိုင်းမြို့အဝင် စစ်ဆေးရေးဂိတ်တစ်ခုတွင် နှင်းဆီပန်းများ သယ်ဆောင်လာသူတစ်ဦးကို စစ်ဆေးကာ ငွေဒဏ် ကျပ် ၁၀ သိန်း ပေးဆောင်စေခဲ့ကြောင်း သိရသည်။

စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မွေးနေ့နှင့် ဆက်စပ်သည့် နှင်းဆီပန်း ပန်ဆင်ခြင်း၊ ဘုရားပန်းကပ်လှူခြင်းနှင့် အခြားသင်္ကေတဆိုင်ရာ လှုပ်ရှားမှုများတွင် မပါဝင်ကြရန် ဇွန်လ ၁၈ ရက်နေ့ကတည်းက သတိပေးခြိမ်းခြောက်မှုများ လုပ်ဆောင်ခဲ့ကြကြောင်း စုံစမ်းသိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article