ရန်ကုန်၊ မတ် ၃
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ လက်ပံလှရွာကို ယနေ့ နံနက်ပိုင်းတွင် စစ်တပ်က ဝင်စီးပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူလုယက်ကာ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
လက်ပံလှရွာကို အကြမ်းဖက် စစ်ကောင်စီမှ ယနေ့ မတ်လ ၃ ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် လက်ပံလှရွာမြောက်ဘက် ကုန်းပေါ်မှ စစ်တပ်က လက်နက်ကြီများနှင့် လှမ်းပစ်ပေးကြောင်း၊ ပျူစောထီး၊ ပျူစောထီးမိန်းမများနှင့် အကြမ်းဖက် စစ်ကောင်စီ လက်ပါးစေများက မြေပြင်မှ ဝင်ရောက်ကာ ပြည်သူများ၏ ပစ္စည်းများကို အကုန်ခိုးယူငင်ကာ နေအိမ်များကို မီးရှို့ ဖျက်ဆီးသွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
“ကုန်းပေါ်က စောင့်ပြီးတော့မှ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ပေးတယ်။ သူတို့က ကာပစ်ပြီးကာမှ လက်ပံလှရွာကို မီးရှို့သွားတာက အင်အား ၅၀ ခန့်လောက်ရှိတယ်။ ရှို့တာက မိန်းမသားတွေ များတယ်။ ပျူစောထီးမိန်းမတွေ ၊ ပျူစောထီးတွေ ရောလာတာ။ ရွာထဲက ပစ္စည်းတွေ အားလုံး ယူပြီးကမှ ရှို့တာ။ နှစ်ခါရှိပြီ၊ ရွာထဲက ပစ္စည်းတွေကို လိုက်ရှာ ဟိုအိမ်တက် ဒီအိမ်တက် ယူပြီးလို့ရှိရင် မီးရှို့တယ်။ အရင်က လာတုန်းက ရေနံပုံးမီးရှို့ခဲ့လို့ တစ်အိမ်လောင်တယ်။ အခုက အကြံအစည်ကောင်းကောင်းနဲ့ မီးတုတ်နဲ့ လည်းရှို့သွားတယ်။ ပစ္စည်းတွေ ခိုးယူပြီးမှ” ဟုဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောပြသည်။
ပျူစောထီးနှင့် အကြမ်းဖက်စစ်ကောင်စီ အပေါင်းပါများက လက်ရှိအချိန်တွင် ရွာမှ ပြန်ထွက်သွားပြီဖြစ်ပြီး အိမ်ခြေမည်မျှ လောင်ကျွမ်းခဲ့သည်ကို အတိအကျမသိရသေးဘဲ ရွာသားများက မီးများ ငြှိမ်းသတ်နေကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် မတ်လ ၂ ရက်နေ့ကလည်း ပေါက်မြို့နယ်၊ လက်ယာရွာကို ည ၇ နာရီ ခွဲအချိန် ဝင်ရောက်ကာ လယ်ယာရွာရှိ နေအိမ် ၂၁၀ ဝန်းကျင်ကို မီးရှို့ ဖျက်ဆီးကြောင်း၊ အိမ်ခြေ ၂၄၀ ရှိ လယ်ယာရွာမှာ ပြာပုံသာ ကျန်ခဲ့ကြောင်း၊ လယ်ယာရွာကို မီးရှို့ချိန်တွင် ရွာသားများ မီးငြှိမ်းသတ်၍ မရအောင် ပြာကျသည်အထိ စောင့်ကြည့်မီးရှို့ခဲ့ကြောင်း လယ်ယာရွာ ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။