ဟားခါး၊ ဗန်တလန်ရွာကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ် ၁၅ လုံးပျက်စီး
ရန်ကုန်၊ မေ ၄
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဗန်တလန်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်သောကြောင့် နေအိမ် ၁၅ လုံးပျက်စီးခဲ့ကြောင်း The Chin Journal မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မေလ ၂ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီခန့်တွင် ဂန့်ဂေါမြို့နယ်ဖက် မှ ချင်းပြည်နယ်ဘက်သို့ တက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်း တပ်ရင်း ၇၇ နှင့် CNA၊ CDF ပူးပေါင်းတပ်ဖွဲ့တို့ ဗန်တလန်ကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူ များပြားခဲ့သောကြောင့် ဗန်တလန်ကျေးရွာကို ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဗန်တလန်ကျေးရွာမှ ပြည်သူများသည် အကြမ်းဖက် စစ်တပ်နှင့် ဒေသ တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲစတင် ဖြစ်ပွားချိန်၌ ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်ခဲ့သောကြောင့် လေကြောင်း တိုက်ခိုက်ခံရစဥ်တွင် ရွာထဲ၌ လူမရှိသောကြောင့် ထိခိုက် ဒဏ်ရာရရှိသူ မရှိကြောင်း သိရသည်။
ဂန့်ဂေါမြို့နယ်ဘက်မှ ဟားခါးမြို့နယ် အတွင်းသို့ အကြမ်းဖက် စစ်တပ် အင်အား ၈၀ကျော်သည် ခြေလျင်ဖြင့် စစ်ကြောင်းထိုးလာသောကြောင့် ဟားခါး-ဂန့်ဂေါ်လမ်းပိုင်းရှိ ကျေးရွာနေ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။