29 C
Yangon

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်နှင့်တွေ့ဆုံခြင်း

Must read

“ပြည်သူလူထုရဲ့ ကြွေးကြော်သံက နောက်တစ်ခုကျန်သေးတယ်လေ။ မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်ဆိုတာ ဒါလည်းသိပ်ပြီးတော့ မှန်တယ်။ ငါတို့အလှည့်ဆိုတာ ဘာကို ပြောတာလဲ။ ပုဂ္ဂိုလ်ကို ပြောတာမဟုတ်ဘူးဗျ။ တရားဗျ။ တရားစီရင်ဖို့ကျန်တယ်ဆိုတာကို ပြောတာ။ ပြည်သူဆီမှာ အဲဒီ အမှန်တရားကို စီရင်ခွင့်ရှိရမယ်။ ဒီအလှည့်ကျန်သေးတယ်”

By ရန်ကုန်ခေတ်သစ်

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်နှင့်တွေ့ဆုံခြင်း

အကြမ်းဖက် မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ ပြည်သူများကို ပုံစံအမျိုးမျိုးဖြင့် ဖိနှိပ် သတ်ဖြတ်ခြင်းများကို လုပ်ဆောင်ခဲ့ရာ ၂ နှစ်ကျော်ကာလတွင် ပြည်သူ ၃၀၀၀ ကျော် သေဆုံးခဲ့ရပြီးဖြစ်သည်။ စစ် တပ် က လေ ကြောင်း ဖြင့် ပြည်သူများကို တိုက်ခိုက်သတ်ဖြတ်ခြင်း၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ အမျိုး သမီးများကို မုဒိမ်းကျင့်သတ်ဖြတ်ခြင်း၊ ကလေးငယ်များ ပါမကျန် ရက်စက်စွာ သတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့ကြသည်။

နိုင်ငံတကာ၏ ကြားဝင်စေ့စပ်မှု၊ ကုလသမဂ္ဂ၏ ကြားဝင်စေ့စပ်မှုများကို ငြင်းပယ်ခဲ့ပြီးနောက် သဘောထားတင်းမာလာခဲ့ရာမှ စစ်ရေးအခြေအနေအရ စစ်ကောင်စီတွင် အလွန်အကျပ် အတည်း ကြုံလာချိန်တွင် တရုတ်နိုင်ငံခြားရေး ဝန်ကြီးကို ဖိတ်ခေါ်ခြင်း၊ ကုလသမဂ္ဂအတွင်းရေး မှူးချုပ်ဟောင်း ဘန်ကီမွန်းကို ဖိတ်ခေါ်ခြင်းဖြင့်လည်းကောင်း ထွက်ပေါက်ရှာဖွေလာသည်။ ယခုနောက်ဆုံးတွင် နိုင်ငံရေးအကျဉ်းသားတချို့ကို ပြန်လွှတ်ပေးခြင်း၊ သေဒဏ်ကျ နိုင်ငံရေးအကျဉ်း သားများကို တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ပြောင်းလဲခြင်း များ ရုတ်တရက် ဆောင်ရွက်လာသည်ကို မြင်တွေ့ရသည်။

ယင်းအခြေအနေများနှင့်ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို ရောက်လာတယ်။ အဲဒီမတိုင်ခင်ရှေ့မှာ ဘန်ကီမွန်းလာတယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ ဝန်ကြီးချုပ်လာတယ်။ ဒီရက် ပိုင်းအတွင်းမှာ အဝင်အထွက် အရမ်းကို တရုတ်နဲ့ ပတ်သက်တဲ့ဟာတွေ၊ ကုလသမဂ္ဂ အတွင်းရေး မှူးချုပ် ဟောင်းလည်း လာတယ်။ နောက်ပြီးတော့ ဒီနေ့ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ ၂၁၃၅ ဦးစလွှတ် တယ်ပြောတယ်။ ဒီအခြေအနေအပေါ် အစ်ကို ဘယ်လိုမြင်လဲပေါ့။ ဒါနိုင်ငံရေးအရ လှည့်ကွက်လား။ ဘာတွေ ဒီအပေါ်မှာ ရှိနိုင်မလဲ။ ဒီလောက် ၂ နှစ်ကျော်လောက် လူသတ်လာပြီးမှ …။

ဖြေ။ ။ ဒါတွေက ဒီနေ့ ဖြစ်ရပ်တွေတင်မကဘဲနဲ့ အဝေးရဲ့သမိုင်းကိုပါ ကြည့်ရင် ပိုပြီးတော့ မြင် လိမ့်မယ်။ အဲဒီ နဝတ ဆိုတဲ့ အစိုးရ ။ ငြိမ်ပိပေါ့ ။ ၁၉၈၈ အာဏာသိမ်းပြီးတော့ တက်လာတဲ့ အခါတုန်းက ဒီနေ့အတိုင်းပဲ သူတို့ကို ဘယ်သူကမှ အသိအမှတ် မပြုတဲ့အခါမှာ အားလုံးကနေပြီးတော့ သူတို့ကို ဝိုင်းနှိမ်ထားတဲ့အခါမှာ ဘာထပြောလဲဆို‌တော့ “မိမိတို့မှ မိတ်ဆွေကောင်းရှိကြောင်း မကြာခင်သိရလိမ့်မယ်”လို့ပြောတယ်။ ဒါတော်တော် မှတ်မိတာပေါ့နော်။

အဲဒီတော့ ပြီးတာနဲ့ မကြာခင်မှာ ပထမဆုံးအာဏာသိမ်းစစ်တပ်လာပြီးတော့ နှုတ်ဆက်ဟန်ပြတဲ့ နိုင်ငံဟာ ဒီကနေ့ အခု လာနေတဲ့ အထက်အဆိုပါ (တရုတ်) အင်အားကြီး အိမ်နီးချင်းနိုင်ငံပါပဲ။ အဲဒီတော့ ဒါတွေဟာ ဘယ်လိုအချိန်မျိုးမှာ လာတတ်သလဲဆိုတာ သိဖို့တော့ လိုတယ်။ အဲဒါက အခု ကျွန်တော်တို့ ဖြစ်ပျက်ခဲ့တဲ့ အနီးဆုံးတွေကို ပြောပါဆိုရင် ကရင်နီဒေသမှာ ချင်းဒေသမှာ မြို့လုံးကျွတ် မီးတိုက်ပြီးတော့ ဖျက်ဆီးခဲ့တဲ့အချိန်၊ ပြီးတော့ လက်ယက်ကုန်း ၊ ပြီးတော့ အနန့်ပါ ၊ပြီးတော့ ပဇီကြီး ။ အဲဒီမှာ လေကြောင်းကနေ အကြမ်းဖက်တိုက်ခိုက်မှုတွေ အပြီးမှာ ဖုံးမရ ဖိမရ ဖြစ်လာတဲ့အခြေအနေမျိုးမှာ ရောက်လာတယ်ဆိုတာကိုတော့ မမေ့ပါနဲ့။

အဲဒါဆိုရင်တော့ သုံးသပ်လို့ရပြီပေါနော်။ အဲဒီတော့ ရှင်းတယ်။ နိုင်ငံ ၂ ခုရဲ့ ဆက်ဆံရေးဆိုတာ ပြည်သူချင်းရဲ့ ဆက်ဆံရေးသာလျှင် အရေးကြီးတယ်။ အဲဒီလိုလည်း ဖြစ်ကိုပဲ ဖြစ်သင့်တယ်။ အစိုးရဆိုတာမျိုးက ကိုယ့်ဟာကိုယ် ပြည်သူလူထု ထောက်ခံတာ မထောက်ခံတာ အဲဒီကိစ္စတွေက အများကြီးဆွေးနွေးစရာ ရှိတယ်။

အဲဒီတော့ မိမိမှာ လုပ်နိုင်ကိုင်နိုင်တဲ့ အားရှိတယ်ဆိုတိုင်း ကိုယ်ကြိုက်ရာ ကိုယ်လုပ်မယ်ဆိုရင် ပြည်သူလူထုရဲ့ ဆန့်ကျင်ဘက်မှာ နေမယ်ဆိုရင်တော့ ပြည်သူဘက်ကလည်း လိုအပ်တဲ့ တုံ့ပြန်မှုတွေ ရှိမယ်။ အဲဒါကိုသာ သတိချပ်ဖို့ပါ။ ကျွန်တော်တို့က ပြောလည်း ပြောပြီးသားပါ။ သွေးစွန်းတဲ့လက်ကို လက်ဆွဲနှုတ်ဆက်ရင်တော့ ကိုယ့်လက်မှာလည်း သွေးစွန်းမှာပဲဆိုတာ ပြောပြီးသားပါ။

မေး။ ။ ခုနမေးခွန်းကိုပဲ ပြန်သွားရမှာပဲ။ ၂ နှစ်လုံး တွေ့ဆုံဆွေးနွေးရေးမလုပ်ဘဲ ဘယ်သံတမန်ကိုမှ လက်မခံဘဲ ဥပဒေအတိုင်း အာဏာသိမ်းပါတယ်ဆိုပြီး ကြွေးကြော်ခဲ့တဲ့ မင်းအောင်လှိုင်အစိုးရက အခု ဒီ ၂ နှစ်ကြာတော့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာတို့၊ တွေ့ဆုံဆွေးနွေးရေးတွေ၊ သံတမန်တွေ လက်ခံတာတို့။ တရုတ် နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်တာတို့၊ ဘန်ကီမွန်းကို ဖိတ်တာတို့လုပ်တဲ့ နိုင်ငံရေး ရည်ရွယ်ချက်က ဘာလဲ။ သူက ၂ နှစ်လောက် တင်းခံပြီးတော့ အခုမှ စပြီးတော့ လုပ်ပြတာ ဘာကြောင့် ဒီလိုလုပ်တယ်လို့ ထင်လဲ။

ဖြေ။ ။ အဲဒီ မေးခွန်းအတွက်လည်း မဝေးတဲ့ သမိုင်းကိုပဲ ပြန်ကြည့်ပါမယ်။ ၁၉၉၂ ခု ဧပြီလကုန်ရယ် မေလရယ် အဲဒီ သတင်းစာတွေမှာ ပြန်ကြည့်လိုက် ။ ဘာကို တွေ့ရမလဲဆိုတော့ အဲဒီ သူတို့ရဲ့ စစ်ခေါင်းဆောင် စစ်ဦးစီးချုပ်ကို ဖယ်ရှားလိုက်ပြီးတော့ ကျန်တဲ့လူတွေက စည်းဝါးကိုက်ပြီးတော့ တက်လာတာ။

သူတို့ကိုယ် သူတို့ Reformist တွေလို ပြန်လည်ပြုပြင်ပြီးမှ တည်ဆောက်မယ့် ပြန်လည်ပြင်ဆင်ရေးသမားတွေ လိုလို အဲဒီလို တက်လာပြီးတော့ ဘာလုပ်သလဲဆိုရင် အဲဒီအချိန်မှာ နိုင်ငံရေးအရ ဖမ်းဆီးထားသူများကို စိစစ်၍ အမြန်ဆုံးလွှတ်ပေးမယ်လို့ ကြေညာတယ်။ နောက်တစ်ခုက အမျိုးသားညီလာခံကို ကျင်းပမယ်လို့ ကြေညာတယ်။

သူတို့က အလုပ်ကို ပြပြီးတော့ တက်လာတာ အဲဒီအချိန်မှာ။ ဆိုတော့ အဲဒီအချိန်မှာ ပထမပိုင်းက နိုင်ငံရေးအကျဉ်းသားရှိတယ် ဆိုတာကို လုံးဝ လက်မခံ ဝန်မခံဘဲနဲ့ ပိတ်ငြင်းခဲ့တာ။ အခုကျတော့ နိုင်ငံရေးအရ ဖမ်းဆီးထားသူများဆိုတာကို ဝန်ခံလိုက်ရတယ်။ အဲဒီမှာ ဘာလုပ်သလဲဆို‌တော့ ဘယ်သူတွေကို လွှတ်ပေးသလဲဆိုတဲ့ ကိစ္စ။

တကယ်အဆုံးအဖြတ်ပေးနိုင်တဲ့ ခေါင်းဆောင်တွေ ဥပမာဆိုပါတော့ဗျာ၊ ရွေးကောက်ပွဲနိုင်ထားတဲ့ အနိုင်ရပါတီရဲ့ သောင်ပြိုကမ်းပြိုနိုင်ထားတဲ့ ပါတီရဲ့ ခေါင်းဆောင် ၃ ဦးကို လွှတ်ပေးတာ မဟုတ်ဘူး။ ဥက္ကဌ ၊ ဒုဥက္ကဌ ၊ အထွေထွေအတွင်းရေးမှူး လွှတ်ပေးတာမဟုတ်ဘူး။ အဲဒီလိုပဲ နိုင်ငံရေးမှာ ဆုံးဖြတ်ဦးဆောင်နိုင်စွမ်းရှိတဲ့ လူတွေ လွှတ်ပေးတာမဟုတ်ဘူး။

ဘာလုပ်သလဲဆိုတော့ စာရေးဆရာတွေ၊ အနုပညာသမားတွေ၊ နောက် လူသိများတဲ့ လူတွေ။ အဲဒီထဲကမှ တစ်နေ့ကို နည်းနည်း နည်းနည်းနဲ့ အမျိုးသမီးတွေကို တွဲပြီးတော့ ဓာတ်ပုံတွေကို ဝေဝေဆာဆာပြပြီးတော့ အချိန်ဆွဲပြီး လွှတ်တာ။ အချိန်ဆွဲတယ်။ ကျနော်တို့ အမြဲတမ်းပြောနေတဲ့ အချိန်ဆွဲမခံနဲ့ ၊ စိတ်ဝမ်းကွဲမခံနဲ့ ၊ အာရုံလွှဲမခံနဲ့ဆိုတာ ဒါတွေကို ပြန်သတိပြုရမှာ ။ အခုက ပြည်သူက နိုင်နေတာ၊ ဖက်ဆစ်တပ် စစ်ကောင်စီက ဘက်ပေါင်းစုံက အရေးနိမ့်နေတာ။ အဲဒါကြောင့် အကွက်ဟောင်းတွေကို ထုတ်သုံးဖို့ ကြိုးစားနေတာ။ အဲဒါကိုတော့ မျက်စိမလည်ဖို့လိုတယ်။

ဒါကြောင့် ပြောတာ အာရုံမလွဲနဲ့ ၊ စိတ်ဝမ်းမကွဲနဲ့ ၊ အချိန်ဆွဲမခံနဲ့ဆိုတာ။ အဲဒါကြောင့် ပြောရရင်တော့ဗျာ။ နေ့စဉ်နဲ့အမျှ သူတို့လွှတ်နေတာတွေကို လူတွေကို သပ်သပ်ရပ်ရပ် တချို့လူတွေ မိန်းကလေးတွေဆိုရင် မိတ်ကပ်ပါလိမ်းပေးတယ်။ ပြီးတော့ ဓာတ်ပုံရိုက်တယ်။ ဘယ်လိုရိုက်လဲ။ သူတို့ရယ်စရာပြောတယ်။ ပြောတဲ့အချိန်မှာ ရယ်မိလိုက်တဲ့ ပုံတွေ ရိုက်တယ်။ အားလုံးပျော်ရွှင်နေတယ်ပေါ့။ ပြီးတော့ မိသားစုတွေ လာကြိုတာ ပွေ့ကြ ဖက်ကြ တဲ့ ပုံတွေ ပြတယ်။ ဒါ တောက်လျှောက်ပြတာ။ တောက်လျှောက်ပြနေတဲ့အချိန်မှာ ငါတို့ မပါနိုင်ဘူးဆိုတဲ့ လူတွေက သိတယ်လေ။

ဒါပေမဲ့ သူတို့က ဘာဖြစ်သလဲဆိုတော့ အပြင်က ဒီဟာကို ကြိုဆိုတယ်ဆိုမှ ဒီလုပ်ရပ် ဒီဖြစ်ရပ်တွေကို ကြိုဆိုတယ်ဆိုရင် ဆက်ပြီးတော့ နည်းနည်း နည်းနည်း လွှတ်ပေးမယ်ဆိုတဲ့ အဓိပ္ပာယ်။ အဲဒီတော့ ဒါက ဘာကို ပြနေလဲဆိုတော့ ဒီကနေ့ ဒီအချိန်အခါမှာလည်း ဒီလိုပဲ တစ်ကျော့ပြန်လာမှာ။ ဘယ်သူမှ အာမ မခံဘူး။ ဘယ်သူတွေကို ဘယ်လောက်အထိလွှတ်ပေးမယ်ဆိုတာ၊ အပြီးလွှတ်ပေးမယ်ဆိုတာ ဘယ်တော့မှ မပါဘူး။

ဒါကို သူတို့က ဘယ်တော့မှ ရေရေရာရာ တိတိကျကျပြောမှာ မဟုတ်ဘူး။ အဓိကကတော့ ဓားစာခံတွေကို သတ်တာတွေ သတ်ပြပြီးမှ တစ်ယောက်ချင်းလွှတ်ပြနေတဲ့ အကြမ်းဖက်သမားတွေ လုပ်ရပ်။ အဲဒါကို နားလည်ရမယ်။ အဲဒါကို ဖြစ်ပေါ်တိုးတက်မှုကြီးပဲ ပျော်စရာကြီးပဲ ။ ဒီနိုင်ငံရေးကတော့ ပြေလည်နေပြီလို့ တွေးလို့ရှိရင် အဲဒီ နိုင်ငံကြီးတွေရဲ့ အတွေးကိုက လွဲနေပြီ။

ပြည်သူတွေကတော့ သိပြီးသားပဲ။ ကျွန်တော်တို့ ဒီပြည်သူတွေရဲ့ ဆန္ဒ မဲပေးတဲ့ ရလဒ်ကို နင်းချေပြီးတော့ သွားတဲ့ လမ်းစဉ်တွေဟာ ဒီဟာတွေဟာ လက်တွေ့အရ ပြည်သူတွေရဲ့ ပန်းတိုင်မဟုတ်ဘူးဆိုတာ သိတယ်။ အဲဒါက ဒီပုံစံတွေ အတိုင်းပဲ တစ်ပတ်ပြန်လည်တယ်။ အဲဒီတော့ ဘာဖြစ်လဲ။ အဲဒီကနေပြီးတော့ အရေးကြီးတာက သူတို့ ကြေညာတဲ့ အမျိုးသားညီလာခံဆိုတဲ့ ဟာကို သူလိုချင်တဲ့ အတိုင်းအတာပမာဏ နိုင်ငံရေးလောကကလူတွေကို ရလိုက်တဲ့အခါမှာ သူ ခုနက လူလွှတ်တာတွေကို အကုန်လုံး ဖြတ်ပစ်လိုက်တယ်။

အားလုံးကို ထားခဲ့ပြီးတော့ ဘယ်လောက်ကြာလဲဆို‌တော့ ၁၇ နှစ် တိတိ သူတို့ တိုင်းပြည်ကို ဆက်ပြီးတော့ ဖျက်ဆီးခွင့်ရသွားတယ်။ အဲဒါပါပဲ။ အဲဒါကို မြင်မယ်ဆိုရင် ဒီကနေ ကျွန်တော်တို့ ဘာလုပ်ရမယ်ဆိုတာ ကျွန်တော်တို့ အားလုံး နားလည်ပြီးသား ဖြစ်မယ်။

မေး။ ။ အဲဒီတော့ အရင်တုန်းက အခြေအနေတွေက ဒီလိုပဲလုပ်ခဲ့တယ်။ နိုင်ငံတကာကို ခေါ်တယ်။ အလွှတ်ပြတယ်။ ပြီးတဲ့အခါကျတော့ အချိန်ဆွဲပြီးတော့ သက်တမ်းရှည်အောင်လို့ တိုင်းပြည်ကို အုပ်စိုးတယ်ပေါ့။ အခု အခြေ အနေမှာလည်း အဲဒီလိုလုပ်ဖို့ဆိုတော့ အရင်တုန်းက အခြေအနေနဲ့ အခုအခြေအနေက မတူတာက တစ်ဖက်မှာ လက်နက်ကိုင် PDF တွေ ရှိတယ်။ သွေးကြွေးမှာ ဆွေးနွေးစရာ မရှိ ဆိုတဲ့ ပြည်သူလူထုရပ်တည်ချက်က ခိုင်ခိုင်မာမာရှိတယ်။ ဆိုတော့ ဒီအခြေအနေ ၂ ခုကို နှိုင်းယှဉ်ပြီး ပြောပြပေးပါ။

ဖြေ။ ။ သိပ်ပြီးတော့ အရေးကြီးပါတယ်။ ပြည်သူလူထုရဲ့ ကြွေးကြော်သံက နောက်တစ်ခုကျန်သေးတယ်လေ။ မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်ဆိုတာ ဒါလည်းသိပ်ပြီးတော့ မှန်တယ်။ ငါတို့အလှည့်ဆိုတာ ဘာကို ပြောတာလဲ။ ပုဂ္ဂိုလ်ကို ပြောတာမဟုတ်ဘူးဗျ။ တရားဗျ။တရားစီရင်ဖို့ကျန်တယ်ဆိုတာကို ပြောတာ။ ပြည်သူဆီမှာ အဲဒီ အမှန်တရားကို စီရင်ခွင့်ရှိရမယ်။ ဒီအလှည့်ကျန်သေးတယ်။ ဒီအလှည့်မရောက်ဘဲနဲ့ ဘယ်သူကမှ ဒီအခြေအနေကြီးကို ။

ကျနော်တို့မှာဗျာ သဘောတူထားတဲ့ အရာတွေ ရှိတယ်။ အဲဒါဘာလဲဆိုတော့ ရှိသမျှ တော်လှန်ရေးအင်အားစုတွေကြားထဲမှာ တိုင်ပင်ပြီးတော့ သဘောတူထားတဲ့ Roadmap တွေ ရှိတယ်။ အခြေခံမူတွေ ရှိတယ်။ မူလလမ်းကြောင်းပေါ့။ အဲဒီကနေ ဘယ်သူမှ သွေဖယ်ပြီးတော့ ဟိုဘက်ကို လှမ်းမျှော်လို့မရဘူး။

သဘောကတော့ဗျာ။ အခြေအနေတွေဟာ ဘယ်လောက်ပဲ တစ်ဖက်က မြူဆွယ်တာတွေ ဖြစ်ပါစေ ဖြားယောင်းတာတွေ ဖြစ်ပါစေ။ တော်လှန်ရေးကိုလမ်းလွဲဖို့ ဘယ်လိုပဲ လုပ်လုပ်။ စိတ်ဓာတ်တွေကတော့ လစာကြေးပိုပေးမယ့် အသင်းရဲ့ ရာသီကို ပြောင်းတော့မယ့် ဘောလုံးသမားတွေလို မဟုတ်ဘူးဗျ။

ကိုယ့် အသင်းက တန်းဆင်းဇုန်ပဲ ရောက်ရောက် ဖန်တရာ တိုက်ပွဲပဲ ဖြစ်ဖြစ်၊ မီးကုန်ယမ်းကုန်ရေကုန်ရေခန်းပေးဆပ်မယ့် ကစားသမားမျိုး အလိုရှိတယ်။ အဲဒါပါပဲ ။ အခြေအနေတွေက ၂၀၁၂က အခြေအနေနဲ့လည်း မတူ။ အဲဒီတုန်းက ဘာလဲဆိုရင် စစ်ရေးအရ ဖိအားမရှိတဲ့အခါမှာ နိုင်ငံရေးအရက နှစ်ဖက်လုံး ထွက်ပေါက်ပိတ်နေတဲ့ အခြေအနေမျိုးမှာ လုပ်ခဲ့တာ။ အခုက အဲဒီကနေပြီးတော့ ကျွန်တော်တို့ ပေးခဲ့တယ်နော်၊ ပေးခဲ့တယ်။

စစ်တပ်ကို Power Sharing ။ တည့်တည့်ပြောရရင် ပေးခဲ့တယ်။ အဲဒီ အပြင်ကိုဗျာ သူတို့အတွက် ထွက်ပေါက်များစွာလည်း ပေးခဲ့ပါလျက်နဲ့ အဲဒီလမ်းစဉ်ကို စပြီး‌တော့ ဖျက်ဆီးခဲ့တာ ဘယ်သူတွေလဲ။ သူတို့ကိုယ်တိုင် ဖျက်ဆီးခဲ့တာ။ အဲဒီတော့ ပြည်သူတွေက ရွေးခဲ့ပြီ။ ဘာကို ရွေးခဲ့လဲ။ နောက်ဆုံးတိုက်ပွဲပဲ ဒီတစ်ခါတော့ ။ ဒီတိုက်ပွဲပြီးရင် အောင်မြင်ပြီ ပြီးပြီ။ အဲဒီတော့ နောက်ဆုံးတိုက်ပွဲကို ရွေးခဲ့တဲ့ နောက်ဆုံးနည်းလမ်းကို ရွေးပြီးသွားပါပြီ။

မေး။ ။ လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပြီးတော့ NLD ပါတီကို ပြန်မှတ်ပုံတင်ခိုင်းပြီးတော့ ရွေး ကောက်ပွဲကို ဝင်ခိုင်းမယ်လို့ လမ်းကြောင်းတည်တယ်လို့ သတင်းတွေလည်း စစ်တပ်အတွင်းထဲမှာလည်း ရထား၊ ထွက်ထားတယ်။ ဆိုတော့ ဒါမျိုးကို အားလုံးပါဝင်တဲ့ ရွေးကောက်ပွဲ ဆွေးနွေးပဲ ဖြစ်အောင် လုပ်မယ်ဆိုတဲ့ လမ်း ကြောင်းမျိုး သွားတဲ့ အနေအထားလို့လည်း တချို့သုံးသပ်သူတွေလည်း ရှိတယ်လေ။ ဒီဟာကိုရော ဘယ်လိုဖြစ်လာမလဲ။

ဖြေ။ ။ ကျနော်တို့ ဒီ တော်လှန်ပြည်သူတွေပဲ ကြည့်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီပြည်သူတွေပဲ စခဲ့တဲ့ တော်လှန်ရေး။ တကယ်လည်း ပြည်သူက ရှေ့အမြဲတမ်း ရောက်နေတာ။ နိုင်ငံရေးသမားက သုတ်ခြေတင်ပြီး‌တော့ အမီလိုက်ပြီး‌တော့ ဟိုလမ်းစဉ်တွေ ချမှတ်၊ အချိုးအကွေ့တွေမှာ ကူရတာတွေ အများကြီးရှိတယ်။ အဲဒီတော့ ပြည်သူလူထုသာလျှင် ပဓာန ဆိုတာ ဒါကိုပဲ ပြောတာ။

ပြည်သူတစ်ရပ်လုံး လိုချင်တာ ရှင်းတယ်။ တိုင်းရင်းသားပါ ပါတယ်။ ဖက်ဒရယ် ဒီမိုကရေစီပဲ ။ အဲဒီအတွက်ကတော့ ကိုယ့်ဒေသလမ်းကြောင်း ကိုယ်ရှိပြီးသား။ သူတို့မှာ ဖက်ဒရယ်ဒီမိုကရေစီ ချာတာ ရှိတယ်။ အဲဒီမှာ အပိုင်း ၁ မှာ ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ် လမ်းပြမြေပုံတွေရှိတယ်။ အပိုင်း ၂ မှာ အခြေခံမူတွေ ရှိတယ် စသဖြင့်ပေါ့။ အဲဒီဟာတွေမှာ အားလုံးတိကျတဲ့ လုပ်ငန်းစဉ်ရှိပြီးသား ။ပင်မ ရေစီးရှိပြီးသား။

နောက် ဒီတော်လှန်ရေးနဲ့ ပြည်သူတွေ သွားမှာက ဒီလမ်းပဲ။ ဒီ မြစ်က ဒီပင်လယ်ထဲကို စီးမှာပဲ။ လာပြီးတော့ မြစ်ကျိုးအင်းလိုလို မြစ်လက်တက်လိုလို လာပြီး‌တော့ လုပ်လို့ မရဘူး။ ပင်မရေစီးက ဒါကိုပဲ သွားမှာပဲ။ ဒါက ပုဂ္ဂိုလ်နဲ့ ဝင်ပြီးတော့ ပင်မရေစီးကို ဖြတ်လို့ မရဘူး။ အဖွဲ့အစည်းနဲ့ ဝင်ပြီးတော့ ဒီပင်မ ရေစီးကို လမ်းကြောင်းပြောင်းလို့ မရဘူး ပြောတာ။

မေး။ ။ ဒီ ၈၈ အရေးအခင်းကာလတုန်းက သတ်တာဖြတ်တာတွေ ရှိတယ်။ စစ်တပ်ကနေ ပြည်သူလူထုကို သတ်တာဖြတ်တာတွေ ရှိတယ်။ ဒါပေမဲ့လည်း တကယ့် လုံလောက်တဲ့ သက်သေအထောက်အထား။ ပစ်ခတ်မှုတွေ ၊ သတ်ဖြတ်မှုတွေ၊ ညှဉ်းဆဲမှုတွေအတွက် လုံလောက်တဲ့သက်သေအထောက်အထားမရှိခဲ့ဘူး။ အခု ဒီ ၂၀၂၁ အာဏာသိမ်းပြီးတဲ့ အချိန်မှာ ပြည်သူလူထု ၃၀၀၀ ကျော်လောက် အသတ်ခံခဲ့ရတယ်။ ၃၀၀၀ ကျော်ဆိုတာ AAPP ရဲ့ စာရင်းဇယားအရပေါ့။ ဒီထက်လည်း ပိုပြီးတော့ များနိုင်တယ်။ ကျွန်တော်တို့ အဲဒီလိုမျိုး သတ်ဖြတ်မှုတွေ ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေမှာ ဆိုလို့ရှိရင် မိနစ်မခြားဘဲနဲ့ သူတို့ သတ်ဖြတ်ပြီးတော့ နာရီပိုင်းအတွင်းမှာကို ကျွန်တော်တို့ရဲ့ သက်သေအထောက်အထားတွေ ၊ ပဇီကြီး၊ အနန့်ပါ စသည်ဖြင့် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ပြီးတဲ့အခါ သက်သေအထောက်အထားတွေ အများကြီး ချက်ချင်းရတယ်ပေါ့လေ။ ဆိုတော့ အဲဒီလိုအနေအထားမျိုးမှာ အခြေအနေ ၂ ခုက မတူဘူးပေါ့လေ။ အဲဒီတော့ သက်သေအထောက်အထားတွေ ခိုင်လုံနေတဲ့ ပြည်သူကို သတ်ဖြတ်ကျူးလွန်မှုတွေ အတွက်က ဒီအာဏာသိမ်းခဲ့တဲ့စစ်ခေါင်းဆောင် ပြည်သူလူထုက ခွင့်လွှတ်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။

ဖြေ။ ။ စဉ်းစားကြည့်လေ။ ကျွန်တော် ပြောချင်တာက တရားစီရင်ရမယ်ဆိုတာ။ တရားစီရင်တယ်ဆိုတာကိုက ဒီလောကကြီး မြဲနေဖို့အတွက် တရားကနေပြီး စီရင်မှာ။ ဒီယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းအတွက်။ အဲဒါက လူမျိုး တစ်မျိုး ကိစ္စမဟုတ်ဘူး။ ဧရိယာတစ်ခု ကိစ္စမဟုတ်ဘူး။ ကမ္ဘာ့လူသားအားလုံးနဲ့ဆိုင်တဲ့ကိစ္စ။ ဒါက ဘာလို့လဲ ။ ဖက်ဆစ်တပ်က ဖက်ဆစ်အပြုအမူတွေနဲ့ ပြည်သူကို အစုလိုက်အပြုံလိုက်သတ်တာမို့လို့။

ဒီဟာတွေဟာ ကမ္ဘာသူ ကမ္ဘာသား အားလုံးကိုက တစ်သဘောတည်းကို ဖြစ်နေတယ်။ အဲဒီတော့ ခွင့်လွှတ်တယ်၊ မခွင့်လွှတ်ဘူးဆိုတာထက် အဓိကက အရေးယူရမယ်။ နောက်နောက်မဖြစ်အောင် ရှေးရှေးက လုပ်ထားသူတွေ အရေးယူ။ ဒါပဲ။ အဲဒီလို တရား မစီရင်နိုင်သရွေ့ ဘယ်ပြဿနာမှ မပြေလည်ဘူး။ ဇွတ်လုပ်လို့ ဆိုင်းဘုတ်ကြီးတွေ အောက်မှာ ဓာတ်ပုံတွေ ရိုက်ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် ခါးတွေ ဖက်ပြီးတော့ ပခုံးတွေ ဖက်ပြီးတော့ ရင်ခွင်ထဲထည့်ထားတဲ့ ပုံတွေ ထွက်လာတာပဲ ရှိမယ်။

တကယ့်ပြဿနာကို မဖြေရှင်းဘူး။ ဘာဖြစ်လို့လဲ။ ပြည်သူလူထုက ကျွန်တော် ပြောပြီးပြီ။ ပြည်သူလူထုက နောက်ဆုံးတိုက်ပွဲနဲ့ နောက်ဆုံးလမ်းကြောင်းကို ရွေးပြီးပြီ။ အခုဗျာ။ ဘယ်သူ့လုပ်ရပ်ကဖြင့် ဘယ်နိုင်ငံက လုပ်ရပ်ကဖြင့် ဟာ ဒီစစ်ဖက်ဆစ်တွေကို စစ်ကောင်စီကို Legitimacy ပေးသလိုတော့ ဖြစ်သွားပါတော့မယ်လို့ စိုးရိမ်နေကြတာတွေ ရှိတယ်။

ဒါပေမဲ့ ကျွန်တော်တို့ ပြောမယ်။ စိုးရိမ်ရမှာ မဟုတ်ဘူး။ဘာဖြစ်လို့လဲ။ ကျွန်တော်တို့က အပြုခံတွေ မဟုတ်ဘူး။ ကျွန်တော်တို့က ပြုနိုင်စွမ်းသူတွေ။ ကျွန်တော်တို့က Passive မဟုတ်ဘူး။ ကျွန်တော်တို့က Active ။ အဲဒီတော့ ဒီတော်လှန်ရေးကို ဥစ္စာရင်းလို ဥစ္စာရင်ခဲ အရင်းအနှီးပေးဆပ်ထားတဲ့ ပြည်သူတွေကသာလျှင် အဓိကပဲ။ အဲဒီ ပြည်သူတွေရဲ့ အဆုံးအဖြတ်သာလျှင် တရားပဲ။ အဲဒါပဲ ပြောချင်ပါတယ်။

မေး။ ။ ဒီ အခု အခင်းအကျင်းတွေ။ ဒီ စစ်တပ်က လှမ်းတဲ့‌ နောက်ဆက်တွဲ နိုင်ငံရေးလမ်းတွေက ဒီကောင်တွေ သွားမယ့် လမ်းစဉ်က ဘာလို့ တစ်ခါတည်း ရှင်းပြလို့ရမလား ။

ဖြေ။ ။ သူက ခေါင်းစဉ်ကတော့ အမျိုးမျိုး ဖန်တီးလို့ ရတာပေါ့။ အနှစ်အသားကိုပဲ ဆိုပါတော့ ။ အနှစ်အသားကတော့ သူတို့ အရင် မူလလက်ဟောင်းစာအုပ်ကြီးနဲ့ အကာအကွယ်ယူပြီး‌တော့ သူတို့ ရာသက်ပန်ကြီးစိုးဖို့ပဲ သူတို့ ကြိုးစားမှာပဲ။ အဲဒါကို မျက်စိနားတွေ လည်သွားစေမယ့်အသုံးအနှုန်းတွေ ၊ ပြီး‌တော့ တော်လှန်ရေး အင်အားစုတွေ ကြားထဲမှာ ထွေပြား အငြင်းပွားဖွယ်ရာတွေနဲ့တော့ ….. ။ လုပ်ငန်းတွေကတော့ ဒါပါပဲ ။ သူ့အာဏာဆက်ပြီးတည်မြဲဖို့ပဲ။

ဒါပေမဲ့ သူက ၂ ခြမ်း ၃ ခြမ်းထိုးခွဲရင် ခွဲလိုက်မယ်။ ဥပမာဆို တိုင်းရင်းသားတွေကို သီးခြား ကမ်းလှမ်းမှုတွေ ၊ မက်လုံးတွေ ဒါတွေ ပေးရင် ပေးမယ်လေ။ အဲလိုပဲ အဲလိုပဲပေါ့။ နိုင်ငံရေးမှာလည်း ပါတီအမျိုးမျိုးဆိုတဲ့ ပုံစံတွေ လုပ်မယ်။ ဒါပေမဲ့ တကယ့် တော်လှန်ရေးမှာ တစ်သားတည်းကျပြီးသားဖြစ်တဲ့ သစ္စာရှိတဲ့ ဘက်တော်သားအားလုံးကတော့ Solid ပဲ အခိုင်အမာပဲ။ သွေးစည်းညီညွတ်ပြီးသားပဲ ။ အဲဒီပုံစံမျိုးနဲ့ ရပ်ခံရမယ်။

သူ့ဘာသူ ရွေးကောက်ပွဲပဲ ဖြစ်ဖြစ် ဖွဲ့စည်းပုံပြင်ဆင်ရေးပဲ ဖြစ်ဖြစ် အားလုံးပါဝင်တဲ့ ညီလာခံ ခေါင်းစဉ်မျိုးပဲ ဖြစ်ဖြစ် ဖြစ်ချင်ရာ အမျိုးမျိုး ဖြစ်လိမ့်မယ်။ ကျွန်တော်တို့ ဘက်ကတော့ အာရုံမလွဲနဲ့၊ စိတ်ဝမ်းမကွဲနဲ့ အချိန်ဆွဲ မခံနဲ့ဆိုတာကို ဒါကိုပဲ ကျနော်တို့ ကိုင်ထားမယ်။

မေး။ ။ ခုန ကျွန်တော်မေးခွန်းကို ပြန်ဆက်ရရင် ၂ နှစ် တိတိ အာဏာသိမ်းဖို့ ကြိုးစားတယ်။ မအောင်မြင်တဲ့အခါကျတော့ သူက အရင်လမ်းစဉ်အတိုင်း အားလုံးပြန်ပြီးတော့ စေ့စပ်ဆွေးနွေးမယ်ဆိုတဲ့ လမ်းကြောင်းကို သွားတယ်လို့ ပြောလို့ရမလား ။

ဖြေ။ ။ ကျနော်တို့ အဲဒါတွေကို မကြည့်ခင် အရင်ဆုံးကြည့်ရမှာက ဟောတဲ့ တရားကို ကြည့်လို့မရဘူး ကျင့်တဲ့ တရားကို ကြည့်ရမှာ။ ဘယ်သူ့ကို မဆို ။ အဲဒီတော့ ဒီလို ကြည့်လိုက်။

အခု ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာ ညကို ဧည့်စာရင်းစစ်တယ်ဆိုပြီးတော့ ခင်ဗျားတို့ အိပ်ရာတွေကို လာလှန်ပြီးတော့ ဆွဲခေါ်သွားတဲ့ အမူအကျင့်တွေ မရှိတော့ဘူးလား။ ခင်ဗျား အပြင်ထွက်မယ်ဆိုရင် ဖုန်းတစ်လုံး၊ နောက်ဖုန်းတစ်လုံးကို ဖွက်ထားရတဲ့ ဘဝ။ ကိုယ့် လင်မယားချင်း ၊ ကိုယ့်မိသားစုဝင်အချင်းချင်းတောင်မှ ထားရှိရမယ့် Privacy ကို အတိအလင်းချိုးဖောက်နေတဲ့ အခြေအနေမျိုးမှာ ဘာကိုများ ခင်ဗျားတို့ မျှော်လင့်နေမှာလဲ။

ခင်ဗျားဖုန်းထဲက အချက်အလက်တွေကို ယူပြီးတော့ ခင်ဗျားကို စိတ်ကြိုက် နှိပ်ကွက်ခွင့်ရှိနေတဲ့အ ခြေအနေမျိုးမှာ ဒီကနေအထိလည်း တော်လှန်ရေးဘက်တော်သားတွေ အရပ်ထဲက ပြည်သူတွေကို စိတ်ထင်တိုင်းရမ်း၊ ဖမ်းပြီးတော့ စစ်ကြောရေးမှာ နှိပ်စက်နေတဲ့ အခြေအနေမျိုးမှာ အဲဒါတွေကို အာမခံနိုင်လား။

ပြီးတော့ ပြည်သူတွေရဲ့ ဆန္ဒပြမှု၊ ဆန္ဒပြပါ ဆန္ဒပြခွင့်ရှိပါတယ်။ အမှန်တရားကို ဆန္ဒပြခွင့်ရှိပါတယ်။ ဘာမှ အရေးယူမှု မရှိစေရဘူး အနှောင်အယှက်မပေးပါဘူး ကြေညာရဲလား။ ဒါတွေ မရှိဘဲနဲ့ တခြားဘာမှလုပ်လို့မရဘူး။ ကျွန်တော်တို့ ပြောတိုင်း စဉ်းစားတိုင်းမှာ အမြဲတမ်းပြည်သူတွေရဲ့ အခန်းကဏ္ဍကို ကျန်ခဲ့တတ်တယ်။ ပြည်သူသာ အဓိကမို့ ပြည်သူတွေရဲ့ အခန်းကဏ္ဍကို လုပ်ရပါမယ်။

အဲဒီ ပြည်သူတွေ အားလုံးရဲ့ စိတ်ဓာတ်က ခုနပြောသလို ဒီတော်လှန်ရေးမှာ ပါလာပြီဆိုကတည်းက ဒါက လစာကောင်းကောင်းပေးမယ့် အသင်းကို ပြောင်းမယ့် လူ မပါဘူး ။ ဒီအသင်း ဒီတော်လှန်ရေး တန်းဆင်းဇုန်ပဲ ရောက်ရောက် ချန်ပီယံပဲ ရရ ရေကုန်ရေခန်း မီးကုန်ယမ်းကုန် ဆင်နွှဲမယ့် ပြည်သူတွေပဲ ဖြစ်တယ်။ ဒါကိုသာလျှင် ပဓာန ပြုပါတယ်။ ကျေးဇူးပါ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article