32 C
Yangon

ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၅ ရွာကို ၃ ရက်ဆက် မီးရှို့ဖျက်ဆီးမှု နေအိမ် ၈၀ ကျော်နှင့် စာသင်ဆောင် ၄ ဆောင် မီးလောင် ပြာကျ

Must read

ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၅ ရွာကို ၃ ရက်ဆက် မီးရှို့ဖျက်ဆီးမှု နေအိမ် ၈၀ ကျော်နှင့် စာသင်ဆောင် ၄ ဆောင် မီးလောင် ပြာကျ

ရန်ကုန်၊ မေ ၄

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ကျေးရွာ ၅ ရွာကို အကြမ်းဖက် စစ်တပ်က ၃ ရက်ဆက် မီးရှို့ ဖျက်ဆီးမှု နေအိမ် ၈၀ ကျော်နှင့် စာသင်ဆောင် ၄ ဆောင် မီးလောင်ပြာကျခဲ့ကြောင်း ကျွန်းလှ တက်ကြွ လှုပ်ရှားသူများ အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၉ ရက်နေ့မှ မေလ ၁ ရက်နေ့ထိ ကန့်ဘလူမြို့နယ်ရှိ သရက်ခေါင်းရွာ၊ ထရော်ကိုင်းရွာ၊ ငါးရာနဲ(မြောက်)ရွာ၊ သောက္ကန်ရွာ၊ ဖိုလ်ကုန်းရွာတို့ကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၈၀ ကျော်၊ စစ်ရှောင်တဲ ၁၅ လုံးနှင့် စာသင်ဆောင် ၄ ဆောင် မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း ၃၆၈ နှင့် ပျူစောထီး အင်အား ၁၀၀ ခန့်သည် ကန့်ဘလူမြို့နယ် ထန်းကုန်းတိုက်နယ် သရက်ခေါင်းရွာကို ဧပြီလ ၂၉ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်တွင် အကြမ်းဖက်ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့၍ စာသင်ဆောင် ၂ ဆောင် မီးလောင်ပျက်စီးခဲ့ကြောင်း၊ ဧပြီလ ၂၉ ရက်နေ့တွင်ပင် မလည်တိုက်နယ်အတွင်းရှိ ထရော်ကိုင်းရွာကို စစ်ကောင်စီ လက်အောက်ခံ ခြေမြန်တပ်ရင်း ၃၆၁ မှ အင်အား ၇၀ ကျော်ဖြင့် ဝင်ရောက်၍ မီးရှို့ဖျက်ဆီးခဲ့ရာ ပြည်သူပိုင် အိမ် ၃ အိမ်နှင့် ကန်ကြီးတောတဲတိုက်မှ စစ်ရှောင်တဲ ၁၅ လုံး မီးလောင် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

“စစ်ကြောင်းတွေကတော့ တိုက်ပွဲဖြစ်တာ မဖြစ်တာထက် စစ်လမ်းကြောင်းတစ်လျှောက်က ရွာတွေကို မီးရှို့တတ်တာပါပဲ။ ထိတွေ့မှု အနည်းငယ်လည်း ရှိခဲ့ပါတယ်။ တချို့ရွာတွေတော့ ပြန်ဝင်နေကြပါပြီဗျ။ တချို့တစ်ဝက်တော့ ကျန်ကြသေးတယ်လို့သိရပါတယ်” ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဧပြီလ ၃၀ ရက်နေ့တွင် သရက်ခေါင်းမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် ဇီးကုန်းတိုက်နယ်အတွင်းရှိ ငါးရာနဲ(မြောက်)ရွာကို အကြမ်းဖက်ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ရာ အပြစ်မဲ့ပြည်သူပိုင်နေအိမ် ၄၆ လုံးထိမီးလောင်ပျက်ဆီးခဲ့ကြောင်း၊ တရော်ကိုင်းမှ ထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည်လည်း ဇီးကုန်းတိုက်နယ်အတွင်းရှိ သောက္ကန်ရွာကို ဒုတိယအကြိမ် ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ စာသင်ဆောင် နှစ်ဆောင် မီးလောင်ပျက်ဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဇီးကုန်းတိုက်နယ်အတွင်းရှိ ဖိုလ်ကုန်းရွာကိုလည်း မေလ ၁ ရက်နေ့တွင် ထပ်မံ ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ အပြစ်မဲ့ပြည်သူပိုင်နေအိမ် ၃၁ လုံး မီးလောင်ပျက်ဆီးခဲ့ကြောင်း၊ ဖိုလ်ကုန်းနှင့် သောက္ကန်ကျေးရွာတို့သည် စစ်ကောင်စီတပ်၏ အကြမ်းဖက်မီးရှို့ဖျက်ဆီးခြင်းကို ဒုတိယအကြိမ်ခံရသည့် ကျေးရွာများဖြစ်ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ ပြောကြားသည်။

ဇီးကုန်းတိုက်နယ်အတွင်းရှိ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ပထမအကြိမ်မီးရှို့ခံခဲ့ရ၍အကြမ်းဖက် စစ်ကောင်စီသည် ဖိုလ်ကုန်းရွာကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း ပထမအကြိမ်ဝင်ရောက် မီးရှို့ခဲ့ရာ ပြည်သူပိုင်နေအိမ် ၈ လုံးနှင့် စာသင်ဆောင်တစ်ခု မီးလောင်ပျက်ဆီးခဲ့ကြောင်း၊ သောက္ကန်ရွာကို မီးရှို့ဖျက်ဆီးရာတွင်လည်း ပြည်သူပိုင်နေအိမ် ၇၇ လုံးထိ မီးလောင်ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ ကျေးရွာများအတွင်း စစ်ကြောင်းထိုး ဝင်ရောက်မှုကြောင့် ကန့်ဘလူခရိုင်တွင် စစ်ဘေးရှောင် ပြည်သူ ၄၀၀၀၀ ကျော်ခန့်ရှိနေကြောင်း၊ စစ်ကောင်စီ စစ်ကြောင်း ဝေးသွားလျှင် ရွာသို့ ပြန်ဝင်နေကြသည့် ပြည်သူများ ရှိသကဲ့သို့ ပြည်သူအချို့မှာ ရွာထဲတွင် လုံးဝ မနေရဲကြဘဲ နီးစပ်ရာတောထဲတွင်သာ တဲထိုးနေကြ​ရကြောင်း ကျွန်းလှ တက်ကြွ လှုပ်ရှားသူများ အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article