ရန်ကုန်၊ မေ ၂၄
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းရွာရှိ အမှတ် ၅၅၈ ခြေမြန်တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၆ ဦး သေနတ်ယူဆောင်လာခြင်းမရှိဘဲ အလင်းဝင်ရောက်ခဲ့ကြောင်း People’s Defence Force – မြိတ်ခရိုင်တပ်ရင်း ၃ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
မေလ ၂၁ ရက်နေ့နှင့် မေလ ၂၃ ရက်နေ့တို့တွင် တနင်္သာရီမြို့နယ် ကမ္မလိုင်းရွာ၊ အခြေစိုက် အမှတ် ၅၅၈ ခြေမြန်တပ်ရင်း၌ မွမ်မံသင်တန်းတက်ရောက်နေသော စစ်မှုထမ်း တပ်သားသစ် ၆ ဦးသည် သေနတ်ယူဆောင်လာခြင်းမရှိဘဲ တပ်မှ ထွက်ပြေးလာပြီး မြိတ်ခရိုင်၊ အမှတ် ၃ တပ်ရင်းထံသို့ ဆက်သွယ်ကာ အလင်းဝင်ရောက်လာခဲ့ကြောင်းသိရှိရသည်။
ထိုသို့ အလင်းဝင်ရောက်လာသူများသည် အပတ်စဉ် ၂၂ သင်တန်းဆင်းများဖြစ်ပြီး ခမရ ၅၅၈ တွင် မွမ်းမံသင်တန်း ထပ်မံတက်ရောက်နေသူများဖြစ်ကြောင်း၊ အလင်းဝင်လာသူများ၏ ပြောပြချက်အရ ခမရ ၅၅၈ တွင် မွမ်းမံသင်တန်းတက်ရောက်နေသူ ၅၅ ဦးရှိပြီး အသက် ၁၆ နှစ်အရွယ် ၆ ဦးပါရှိကြောင်း၊ ယင်းသို့ အလင်းဝင်ရောက်လာသူများသည် အကြမ်းဖက်စစ်တပ်၏ အတင်း အဓမ္မ ပေါ်တာဆွဲ စုဆောင်းခြင်း ခံရသူများဖြစ်ပြီး စစ်တပ်က ပြည်သူအပေါ် အကြမ်းဖက်မှုများကို လက်မခံနိုင်၍ တပ်မှထွက်ပြေးလာခြင်းဖြစ်ကြောင်း သိရှိရသည်။
“သူတို့က ပြေးလာရင်းနဲ့ ချိတ်ဆက် အလင်းဝင်ရောက်လာတာပါ။ အလင်းဝင်ရောက်လာတဲ့ သူတွေက နေပြည်တော် ပျဉ်းမနားမြို့နယ်ထဲက ရွာငယ်တွေမှာနေပါတယ်။ အခြေခံသင်တန်း ၂ လခွဲတက်ပြီးသားပါ။ သူတို့က စစ်မှုထမ်းသင်တန်း ဆင်းပြီးသားတွေ မွမ်းမံပြန်တက်နေတုန်းပြေးလာတာပါ။ ၆ ဦးလုံးက စစ်မှုထမ်း အပတ်စဉ် ၂၂ သင်းတန်းဆင်းတွေပဲ လက်နက်မပါဘူးဆိုပေမယ့် ထိုက်သင့်သလောက်တော့ ထောက်ပံ့မှာပါ။ သူတို့ကို စစ်ခွေးတွေက နေအိမ်မှာ ဝင်ဖမ်းတာရှိတယ်။ လမ်းမှာဖမ်းတာရှိတယ်။ အဲလိုမျိုးနဲ့ ပေါ်တာဆွဲ ဖမ်းခံရတာလို့ သိရတယ်”ဟု People’s Defence Force – မြိတ်ခရိုင်တပ်ရင်း ၃ မှ တာဝန်ရှိသူက ပြောဆိုသည်။
ထိုသို့ အလင်းဝင်ရောက်လာသူများကို မြိတ်ခရိုင်၊ အမှတ် ၃ တပ်ရင်းမှ ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး ဆက်လက် အလင်းဝင်ရောက်လာသူများကိုလည်း ကြိုဆိုသွားမည်ဖြစ်ကြောင်း၊ ပြည်သူ့ပန်းတိုင်အဖွဲ့၏ ကောက်ယူထားသော မှတ်တမ်းများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် မေလ ပထမပတ် အထိ အလင်းဝင် ပူးပေါင်းလာသော စစ်သား၊ လက်နက်ချ စစ်သားနှင့် စစ်သုံ့ပန်း စုစုပေါင်း ၃၁၁၇ ဦးထိရှိပြီ ဖြစ်ကြောင်း သိရသည်။




