ရွှေဘိုမြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွားပြီး ဗိုလ်ကြီး ၁ ဦးနှင့် ဒုအရာခံဗိုလ် ၁ ဦး အပါအဝင် စစ်သား ၄ ဦးသေဆုံး
ရန်ကုန်၊ မေ ၄
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦးနှင့် ဒုအရာခံဗိုလ် ၁ ဦး အပါအဝင် စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်း – ရွှေဘို LPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဧပြီလ ၂၆ ရက်နေ့တွင် ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာ ရဲစခန်းမှ ရွှေဘိုမြို့သို့ ထွက်လာသည့် ဗိုလ်ကြီး ၁ ဦး၊ ဒုအရာခံဗိုလ် ၁ ဦးနှင့် တပ်သား ၂ ဦးကို လမ်းပိုင်း တစ်နေရာတွင် ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF) အဖွဲ့ နှင့် ရွှေဘို တိုက်နယ် ၂ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့က ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ၄ ဦးလုံး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ သေဆုံးသွားသော စစ်သား ၄ ဦးထံမှ MA 1 ၁ လက်၊ MA 3 ၁ လက်၊ MA 4 ၁ လက်၊ MA 5 ၁ လက်၊ MA 13 ၁ လက်၊ Jammer စက်အသေး ၁ လုံးနှင့် အတူအခြားပစ္စည်းများလည်း သိမ်းဆည်း ရရှိမိခဲ့ကြောင်း သိရသည်။
ဧပြီလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် စစ်သား အင်အား ၆၀ ခန့်ပါ စစ်ကြောင်းသည် နယ်မြေ ရှင်းလင်းရေး ဝင်ရောက်လာစဥ် ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့များက ခြုံခို တိုက်ခိုက်ခြင်း၊ မိုင်းဆွဲ တိုက်ခိုက်ခြင်းများကြောင့် အထိနာက ဧပြီလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် မြင်းချင်းပျူရွာသို့ ပြန်လည် ဝင်ရောက်သွားကြောင်း သိရသည်။
အဆိုပါ အထိနာနေသော မြင်းချင်းရွာမှ စစ်ကြောင်းကို အင်အား ပြန်လည် ဖြည့်တင်းပြီး စစ်သား ၉၀ ဦးခန့်ဖြင့် မေလ ၁ ရက်နေ့တွင် ဆိပ်ခွန်၊ စောင်တန်း၊ ထူးကြီး၊ တည်ပင်ရွာများ ဘက်ကို စစ်ကြောင်းထိုး ထပ်မံ ဝင်ရောက်လာသောကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များမှ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်ကျဆုံး များစွာဖြင့် မေလ ၃ ရက်နေ့တွင် သီလုံးပျူရွာကို ပြန်လည်ဝင်ရောက် သွားကြောင်း ဗိုလ်ကျားရိုင်း – ရွှေဘို (LPDF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။