39 C
Yangon

ပေါက်မြို့နယ်တွင် မုန်တိုင်းကြောင့် ပြိုကျပျက်စီးခဲ့သည့် စစ်ရှောင်တဲများကို PRF တပ်ဖွဲ့မှ ရဲဘော်များက ပြန်လည် ရှင်းလင်း တည်ဆောက်ပေး

Must read

ပေါက်မြို့နယ်တွင် မုန်တိုင်းကြောင့် ပြိုကျပျက်စီးခဲ့သည့် စစ်ရှောင်တဲများကို PRF တပ်ဖွဲ့မှ ရဲဘော်များက ပြန်လည် ရှင်းလင်း တည်ဆောက်ပေး

ရန်ကုန်၊ မေ ၁၇

မကွေးတိုင်း ပေါက်မြို့နယ်တွင် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်းကြောင့် စစ်ဘေးရှောင်များ၏ ယာယီတဲများ ပြိုကျပျက်စီးဆုံးရှုံးရမှုကို ပြည်သူ့တော်လှန်ရေးတပ်ဦး – PRF မှ ရဲဘော်များမှ ဝိုင်းဝန်းကူညီရှင်းလင်း ပြန်လည် တည်ဆောက်ပေးခဲ့ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး-PRF မှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

ဒေသပြည်သူများသည် အကြမ်းဖက်စစ်တပ်၏ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးကာ ကျေးရွာများအတွင်း ဝင်ရောက်၍ မီးရှို့ဖျက်ဆီးမှုကြောင့် နေရပ်မှ ထွက်ပြေးတိမ်းရှောင် စစ်ဘေးရှောင်ကာ တောတောင်ထဲတွင် ယာယီနေအိမ်တဲတိုက်များ ဆောက်လုပ်နေထိုင်နေရခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ နေအိမ် ၄၀ ၊ ၅၀လောက်ကူညီပေးဖြစ်ပါတယ်။ မိုခါမုန်တိုင်းကြောင့် ပြိုလဲပျက်စီးသွားတဲ့ အိုးအိမ်အဆောက်အအုံတွေကို ရှင်းလင်းပေးတာတွေ၊ အသုံးဆောင်ပစ္စည်းစုစည်း၊ ခွဲခြမ်းစိတ်ဖြာနေရာချပေးတာတွေ ပြုလုပ်ပေးနေပါတယ်။ နောက်ထပ် အဓိကတစ်ခုကတော့ လူထုရဲ့ စိတ်ပေါ့။‌ စစ်‌မီးဘေးသင့်လို့ စစ်ရှောင်နေရချိန်မှာပဲ အခုလို ရေဘေးသင့်တော့ ဒုက္ခမျိုးစုံကို ခါးစည်းခံ‌နေရတဲ့ အဖိနှိပ်ခံပြည်သူလူထု စိတ်ဓာတ်မကျအောင် အားပေးစကားပြောပြီး အလုပ်လုပ်ရင်း ကူညီပြီး နှစ်သိမ့်ပေးနေတာတွေလည်း လုပ်ဆောင်ခဲ့ကြပါတယ်” ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး – PRF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

မုန်တိုင်းကြောင့် စစ်ရှောင်ပြည်သူများ၏ ယာယီတဲများပြိုကျပျက်စီးရုံသာမက ဒေသထွက်စိုက်ပျိုးသီးနှံများ၊ သိုလှောင်ရိက္ခာအချို့နှင့် အသုံးအဆောင်ပစ္စည်းများစွာ ဆုံးရှုံးခဲ့ရကြောင်းလည်း သိရှိရသည်။

ပြည်သူ့တော်လှန်ရေးတပ်ဦး PRF မှ ရဲဘော်များအနေနှင့် ပြည်သူ့ ဒုက္ခ ကိုယ့်ဒုက္ခမှတ်ယူ၍ နိုင်ရာ ဝန်ထမ်းကာ ပြိုကျပျက်စီးသွားသည့် ပြည်သူ့နေအိမ်များကို ဝိုင်းဝန်းရှင်းလင်း ကူညီပေးခဲ့ကြခြင်းဖြစ်ကြောင်းလည်း ပြည်သူ့တော်လှန်ရေးတပ်ဦး – PRF မှ ပြောကြားသည်။

“ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးတဲ့အခါမှာ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံခဲ့ရလို့ ဘေးလွတ်ရာ တိမ်းရှောင်‌နေရသလို စစ်မီးအကြွင်းအကျန် ကျန်ရှိတာလေးနဲ့ ရပ်တည်နေထိုင်နေကြတာကိုမှ အခုလို မိုခါ လေဘေးရိုက်ခတ်ခံရတော့ ဒီဒေသက ပြည်သူလူထုအနေနဲ့ လူရောကိုယ်ပါဒုက္ခမျိုးစုံ ခံစားနေရပါတယ်”ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး – PRF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောင်းထိုးကာ နေအိမ်များကို မကြာခဏ မီးရှို့မှုကြောင့် စစ်ဘေးသင့်ခဲ့ရပြီး မုန်တိုင်းကြောင့်လည်း ရေဘေး လေဘေးသင့်ခဲ့ရသည့် ပြည်သူများမှာ လူဦးရေ ၈၀၀ ဝန်းကျင် ရှိပြီး အိမ်ခြေ ၁၀၀ ကျော်လောက် အခက်အခဲတွေ့နေရခြင်းဖြစ်ကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး – PRF ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article