30 C
Yangon

အုတ်ဖိုမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင် ခင်မောင်ဝင်း ပစ်သတ်ခံရမှု အပါအဝင် ရန်ကုန်၊ မကွေးတို့တွင် စစ်တပ်ထောက်ခံသူနှင့်ဘက်တော်သား ၅ ဦး အသတ်ခံရ

Must read

ရန်ကုန်၊ မတ် ၅

ရန်ကုန်တိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းတွင် မြို့နယ် ကောင်စီဝင်များ၊ စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများနှင့် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူ ၅ဦးကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် အမည်မသိ သေနတ်သမားများက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

ရန်ကုန်
=======
ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် ဝေပုလ္လ ၂ လမ်းတွင် မတ်လ ၅ရက်နေ့ နံနက် ၇နာရီ ၃ဝမိနစ်ခန့်က အကြမ်းဖက် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူ အမျိုးသမီး ၁ဦးကို အမည်မသိ သေနတ်သမားများက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

အဆိုပါအမျိုးသမီးကို သတင်းပေးဟု ပတ်ဝန်းကျင်က အမည်တပ်နေကြသော်လည်း ရန်ကုန်ခေတ်သစ်အနေဖြင့် သီခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

မကွေးတိုင်း
==========
မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် ဇီးတောအုပ်စု ချင်းသပြေပင်ကျေးရွာ အကြမ်းဖက် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး နန်းတင်နှင့် အကြမ်းဖက် စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံရသူ ဌေးမောင်တို့ကို မတ်လ ၄ရက်နေ့ ည ၈နာရီ ၃ဝမိနစ်ခန့်တွင် ဂဠုန်ရာဇာပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူ ၂ဦးသည် ဒေသခံပြည်သူများအား အကြောင့်မဲ့ ဖမ်းဆီး ရိုက်နှက်မှုများ မကြာခဏ လုပ်ဆောင် နေသူများဖြစ်ကြောင်း ဂဠုန်ရာဇာပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မကွေးတိုင်း မြို့သစ်မြို့ ရွှေပန်းအုပ်စု မြောက်မီးကုန်းကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သိန်းဟန်ကို မတ်လ ၄ရက်နေ့ ညနေ ၅နာရီခန့်တွင် ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူ အုပ်ချုပ်ရေးမှူး သိန်းဟန်သည် တော်လှန်ရေး အင်အားစုများ တည်နေရာကို အကြမ်းဖက် စစ်တပ်အား သတင်းပေးပို့ခဲ့ခြင်းနှင့် မြို့နယ်အတွင်း မူးယစ်ဆေး ရောင်းဝယ်ခြင်းများ ပြုလုပ်နေသူဖြစ်ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ပဲခူးတိုင်း
=====
ပဲခူးတိုင်း အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့က ခန့်အပ်ထားသည့် မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် (မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဠ) ခင်မောင်ဝင်းကို အုတ်ဖို မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က မတ်လ ၄ရက်နေ့တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူ ခင်မောင်ဝင်းသည် ဒေသခံပြည်သူများကို အနိုင်ကျင့် ဒုက္ခပေးခြင်း၊ အခွန်များ အဆမတန် တိုးမြှင့်ကောက်ခံ၍ စစ်အာဏာရှင်အား ထောက်ခံခြင်း၊ CDM ဝန်ထမ်းများအား အလုပ်ပြန်လည် ဝင်ရောက်ရန် အတင်းအကြပ် ဖိအားပေး စေခိုင်းခြင်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း အုတ်ဖို မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article