ပခုက္ကူတွင် စစ်တပ် ယာဥ်တန်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံး
ရန်ကုန်၊ မေ ၂၄
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -PPDF မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
မေလ ၂၀ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ပခုက္ကူမြို့မှ ရေပြာသို့ ထွက်ခွာလာသော အကြမ်းဖက် စစ်တပ် ၁၂ ဘီးကား ၂ စီးကို ကန်တော်ကျေးရွာအနီး ပဒေသာ မိုင်း ၁၀ လုံးဖြင့် ဖာက်ခွဲ တိုက်ခိုက်ခဲ့ရာ ၁၂ ဘီးကား တစ်စီးပျက်စီးသွားပြီး အကြမ်းဖက် စစ်သား ၂ ဦးနေရာတွင် ပင်ပွဲချင်းပြီးသေဆုံးကာ ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အလားတူ မေလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းကလည်း ပခုက္ကူမြို့မှ ပေါက်မြို့သို့ ရိက္ခာပို့ရန် ထွက်ခွာလာသည့် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း၊ ထို့ပြင် ရေပြာရွာမှ ပခုက္ကူမြို့သို့ ပြန်လာသော စစ်တပ် ရိက္ခာကားများကို ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား ၁ စီးပျက်စီးခဲ့ကြောင်း သိရသည်။
“လက်နက်တွေနဲ့ စစ်ခွေးတွေတင်လာတဲ့ ကား ၂ စီးထဲက စစ်ခွေးတွေပါတဲ့ကားကို ဆွဲခဲ့တာ၊ ကားပေါ် မှာ ပဲ ၂ ဦးသေတယ်၊ ၃ ဦးအပြင်းအထန်ဒဏ်ရာရတယ်၊ သေဆုံးဒဏ်ရာရတဲ့သူတွေကို ပခုက္ကူဘက်ပြန် သယ်သွားတာ၊ မေလ ၁၂ ရက်နေ့က မိုင်းဆွဲခဲ့သတင်းက အဲဒီနေ့ကပဲ ၆ ကောင်သေတာ၊ အတည်ပြုချက် မရလို့ ဒဏ်ရာအပြင်းအထန်နဲ့ပဲ ထုတ်ပြန်လိုက်တာ၊ ပြီးတော့ လုံခြုံရေးအရ ထုတ်ပြန်တာ နောက်ကျ သွားရတာပါ” ဟု ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -PPDF မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။