ထားဝယ်တွင် ခွေးစာ ကျွေးနေသည့် ကိုဟိန်းဇော်အောင်နှင့် ကိုအောင်တို့ကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်
ရန်ကုန်| မေ ၃၁
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ဘုမ္မော်ရပ်ကွက်နှင့် စောမိညို လမ်းဆုံ၌ ခွေးစာ လာကျွေးသည့် အသက် ၃၈ နှစ် အရွယ် ကိုဟိန်းဇော်အောင်နှင့် သူငယ်ချင်းဖြစ်သူ ကိုအောင်အောင်တို့ကို မြို့အတွင်း ပတ်ကင်း လှည့်လာသည့် စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့် ပစ်သတ်သဖြင့် သေဆုံးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။
မေလ ၃၀ ရက်နေ့ ည ၉ နာရီ ဝန်းကျင် အချိန်တွင် ကင်းပုန်းဝပ်ပြီး မြို့အတွင်း ပတ်ကင်း လှည့်လာသည့် စစ်ကောင်စီတပ်ဖွဲ့က ခွေးစာကျွေးနေသည့် အမျိုးသားနှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ထားဝယ်မြို့ ဒေသခံများက ပြောသည်။
ထားဝယ်မြို့နယ် ဇရစ်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၈ နှစ် အရွယ် ကိုဟိန်းဇော်အောင်နှင့် သူငယ်ချင်းဖြစ်သူ ကိုအောင်အောင်တို့သည် ဘုမ္မော်ရပ်ကွက်နှင့် စောမိညို လမ်းဆုံအနီးတွင် ညဖက်ခွေးစာလာကျွေးချိန်တွင် စစ်ကောင်စီက အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ထားဝယ်မြို့ ဘုမ္မော်ရပ်ကွက်နေ အမည်မဖော်လို့သည့် ဒေသခံတစ်ဦးက “ညကတော့ ပစ်ခတ်မှုတွေ တော်တော် ဖြစ်ခဲ့တယ်၊ အချက်ရေ ၅၀ ကျော် ၆၀ လောက်ရှိတယ်၊ အိမ်နားမှာ ဖြစ်တော့ ဘယ်သူမှ အပြင် ထွက်မကြည့်ရဲဘူး”ဟု ပြောသည်။
ယင်းသို့ ပစ်ခတ်မှုကြောင့် ယနေ့ မေလ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် ဒေသခံ သတင်း အရင်းမြစ်များ၏ ပြောဆိုချက် အရ ကျန်းမာရေး လမ်းကနေ စတင်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အထက်ပါ လမ်းဆုံအရောက်တွင် ဒေသခံ နှစ်ဦးကို ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဘုမ္မော်ရပ်ကွက်နေ နောက်ထပ် ဒေသခံတစ်ဦးက “အရပ်သား ဒေသခံ နှစ်ဦး ပစ်သတ်ခံရတယ်လို့ သိရတယ်။ အသက် ၃၈ နှစ် အရွယ် ကိုဟိန်းဇော်အောင်နဲ့ သူငယ်ချင်းဖြစ်သူ ကိုအောင်အောင်တို့ သိရတယ်”ဟု ပြောသည်။
လက်ရှိ စစ်ကောင်စီက အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့် ဒေသခံ ၂ဦး၏ ရုပ်အလောင်းကို ယခု အချိန်အထိ မိသားစုဝင်များထံ ဆက်သွယ် ပေးအပ်ခြင်း ရှိမရှိကိုလည်း စုံစမ်းနေဆဲဖြစ် သည်။
(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)