စစ်ကိုင်းမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ပစ်ခတ်စီးနင်းမှု ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ကျေးရွာနေ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ
ရန်ကုန်၊ ဇွန် ၁၁
စစ်ကိုင်းမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က ပစ်ခတ်စီးနင်းမှု ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ကျေးရွာနေ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန် ၉ ရက်နေ့ မှစ၍ စစ်ကိုင်းမြို့နယ်၊ ပဒူရွာ၌ တပ်စွဲထားသော အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ်က ပဒူကျေးရွာ အနောက်ဘက်ရှိ ရေတွင်းကောင်း၊ မုန်ညို့၊ အောင်မြေ၊ ကြခတ်၊ စမွန်း စသည့် ကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် စီးနင်း၀င်ရောက်ကာ ပြည်သူ့နေအိမ်များအား မွှေနှောက် ဖျက်ဆီးသောကြောင့် ကျေးရွာနေ ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ယင်း စစ်ကြောင်းသည် ရေတွင်းကောင်းရွာကို ပစ်ခတ်ဝင်ရောက်စီးနင်းစဥ် အမျိုးသမီး ၁ ဦး ကျည်ထိမှန်ပြီး ပြည်သူ ၅ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
“ပဒူတိုက်နယ် စစ်ရှောင်တွေ ပိုများလာပြီ ရိက္ခာလို အပ်ချက်မြင့်လာပြီး တက်နိုင်သလောက်တော့ ကျနော်လုပ်နေတယ် ၀န်နဲ့အားမမျှတော့ဘူး။ မိုးတွင်းဆိုတော့ သွားလာရေးကလည်း ခက်တယ် စစ်ခွေးတွေကတော့ အဓိက လမ်းပိုင်းတွေ ဖြတ်ပိတ်ဆို့ထားတော့ပိုခက်တယ်။ စစ်ကိုင်းမြို့ပေါ်ပြေးကြတဲ့ ပဒူရွာ စစ်ရှောင်တွေကို လိုက်ဖမ်းတယ် ဖမ်းမိတိုင်းရွာကို မီးရှို့တယ် ၁၀ကြိမ်အထက်ရှိပြီ မီးရှို့နေတာ ပဒူရွာထဲ ခွေးအင်အားများတယ် တပ်စွဲထားတာ” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။
မေလ ၁၉ ရက်နေ့မှ လက်ရှိချိန်အထိ ပဒူ၊ ကန်ကြီးကုန်း၊ ကျောက်ပနန်၊ ရွာသစ် ရွာတို့မှ ပြည်သူများလည်း စစ်ဘေးတိမ်းရှောင်နေရပြီး လက်ရှိချိန်ထိ ကျေးရွာအတွင်းပြန်လည် ဝင်ရောက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ယင်း စစ်ကြောင်းသည် ရေတွင်းကောင်းရွာ၌ တစ်ညအိပ်ပြီး ကြခက်ရွာ၌လည်း တစ်ညအိပ်ကာ ယနေ့ ဇွန်လ ၁၁ က်နေ့ နံနက်ပိုင်း၌ စမွန်းရွာသို့ စစ်ကြောင်းထိုးလျက်ရှိကြောင်း သိရှိရသည်။