သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာကို စစ်တပ်က စီးနင်းပြီး ကလေးငယ်များနှင့် ပြည်သူ ၄၀ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထား
ရန်ကုန်၊ ဇွန် ၁၁
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ကလေးငယ်များနှင့် ပြည်သူ ၄၀ ကျော်ကို ဖမ်းဆီးထားကြောင်း ဒေသကြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၈ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ဝင်းဝနယ်မြေရဲစခန်းဘက်မှ တောင်ကြောလမ်းအတိုင်းလာသည့် အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ ကာကွယ်ရေးတပ်က ကမြိုင်ကျေးရွာနှင့် ရငဲရွာကြားတွင် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီက တပ်က ဗိုလ်ကြီးဟု ယူဆရသူ တစ်ဦး အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၈ဦးထက် မနည်း သေဆုံးခဲ့ပြီးနောက် စစ်တပ်က အနီးအနားရှိ ကနက်သီရိရွာကို ဝင်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က ကနက်သီရိရွာကို ဝင်ရောက် စီးနင်းပြီးနောက် သက်ကြီးရွယ်အိုများနှင့် ကလေးများ အပါအဝင် ပြည်သူ ၄၀ ကျော်ကို ရွာထဲ၌ စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း၊ ကနက်သီရိရွာအနီးရှိ ပင်လယ်ပြင်၌လည်း ဆိုက်ကပ်ထားသည့် စစ်သင်္ဘောများကလည်း ဇွန်လ ၉ ရက်နေ့ ညပိုင်းတွင် လက်နက်ကြီးဖြင့် ၅ ချက်ထက်မနည်း ပစ်ခတ်ခဲ့ပြီး ၁၀ ရက်နေ့ နံနက်ပိုင်းကလည်း စစ်ကောင်စီ တပ်သားများက အဆိုပါ ကျေးရွာမှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များကို မွေွှနှောက်က်ခဲ့ကာ ပြည်သူ အများအပြားလည်း ထွက်ပြေးတိမ်းရှောင်နေရပြီး ကျေးရွာအတွင်းရှိ တန်ဖိုးကြီး ပစ္စည်းများကို ယူဆောင်ခဲ့ကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် ကနက်သီရိရွာ ထိပ်ကဘုန်းကြီးကျောင်းတွင် တပ်စွဲထားပြီး ဖမ်းထားသော ရွာခံများကို (တောင်သစ်သား) တောင်ပေါ် ကျောင်း၌ ယမန်နေ့ညက ပြောင်းရွေ့ထားပြီး ယနေ့နံနက်ပိုင်းအထိ ပြန်လည် လွတ်ပေးခြင်း မရှိသေးကြောင်းသိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်က ယနေ့ နံနက်ပိုင်းတွင်လည်း ပြည်သူပိုင် နေအိမ်များကို ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ရွာ အဝင် လမ်းကိုလည်း အဝင်၊ ထွက် ပိတ်လိုက်ပြီး ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
Photo – သရက်ချောင်းမြို့နယ်၊ ကနက်သီရိရွာမှ စစ်ဘေးရှောင်ပြည်သူများ

