သရက်ချောင်းတွင် စစ်ဘေးရှောင်ရင်း မိခင်အတွက် အိမ်ပြန် ဆေးယူပေးသည့် ကိုဝေယံဟိန်းကို စစ်တပ်က ပစ်သတ်
ရန်ကုန်၊ ဇွန် ၁၁
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် စစ်ဘေးရှောင်ရင်း မိခင်အတွက် အိမ်ပြန် ဆေးယူပေးသည့် အသက် ၂၃ နှစ်အရွယ် ကိုဝေယံဟိန်းကို စစ်တပ်က ပစ်သတ်လိုက်ကြောင်း သိရှိရသည်။
ဇွန်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းအချိန် သရက်ချောင်းမြို့နယ်၊ ရငဲရွာမှ ကိုဝေယံဟိန်းသည် မိသားစုနှင့်အတူ စစ်ဘေးရှောင်နေရာမှ မိခင်အတွက် လိုအပ်သည့် ဆေးပြန်ယူရန်အတွက် နေအိမ်သို့ ပြန်သွားသောအခါ ရွာထဲတွင် အသင့်စောင့်ဆိုင်း ကင်းပုန်းဝပ်နေသော စစ်တပ်က ကိုဝေယံဟိန်းကို ပစ်သတ်လိုက်ကြောင်း သိရှိရသည်။
“သူ့အမေက အရင်ကတည်းက ကျန်းမာရေးကောင်းတာမဟုတ်ဘူး။ သူက သူ့အမေကိုအရမ်းချစ်တာ။ အခုလည်း တားနေရဲ့နဲ့ဆေးသွားယူတာတဲ့ဗျာ” ဟု ကိုဝေယံဟိန်းရဲ့သူငယ်ချင်းဖြစ်သူက ပြောဆိုသည်။
စစ်တပ်က ကိုဝေယံဟိန်းကို ပစ်သတ်ပြီးနောက် အလောင်းကိုတော့ သူ့အိမ်၏အနောက်ဘက်တွင် ထားရစ်ခဲ့သဖြင့် ဒေသပြည်သူတချို့က ကောက်ယူကာ ယနေ့ညနေပိုင်းတွင် မီးသဂြိုလ်လိုက်ကြောင်း သိရှိရသည်။
သရက်ချောင်းမြို့နယ် ရငဲကျေးရွာအနီးတွင် ယနေ့ စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွာခဲ့ပြီး ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။
“သရက်ချောင်းမြို့နယ် ရငဲရွာမှာ ဒီနေ့ မနက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ခွေးတွေပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။
စစ်ခွေးတွေက ရငဲရွာလယ်လမ်းဆုံအနီးရှိ ကိုဝင်းစိုးအိမ်ဒေါ်လှမြင့်တို့အိမ်ကို မီးတင်ရှို့ပြီး ရွာလယ်လမ်းဆုံ၏အရှေ့ဘက်ခြမ်းရှိနေအိမ်တွေကို ထုဖွင့်၍အဖိုးတန်ပစ္စည်းများရှာဖွေခိုးယူပါတယ်။ ဒါ့အပြင်မှာ ကျေးရွာစာသင်ကျောင်းနဲ့ မျက်နှာချင်းဆိုင် ဦးစိန်ဝင်းလက်ဖက်ရည်ဆိုင်ကိုလည်း ဒီနေ့ နေ့လယ်မှာ မီးတင်ရှို့ပါတယ်။ ရွာထဲမှာ လက်နက်ကြီးတွေ ပစ်ခတ်ပြီးနေ နေအိမ်တွေကို ဖျက်ဆီးပါတယ်” ဟု ရငဲကျေးရွာသားတစ်ဦးက ပြောဆိုသည်။
ယနေ့တွင် စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာခြင်းနှင့် နှစ်ဖက်တိုက်ပွဲများကြောင့် ကနက်သီရိရွာနှင့် ရငဲရွာအပါအဝင် ကျေးရွာ ၆ခုမှ ပြည်သူ ၃၀၀၀ ဝန်းကျင် ထွက်ပြေးနေရကြောင်း သိရှိရသည်။
(The Tanintharyi Times သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်ပြီး သတင်းကို ပူးတွဲရေးသားပါသည်။)