25 C
Yangon

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် အမျိုးသမီး ၄ ဦးကို ပန်းသပိတ်၌ ပါဝင်သည်ဟုဆိုကာ စစ်တပ်က ဖမ်းဆီး

Must read

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် အမျိုးသမီး ၄ ဦးကို ပန်းသပိတ်၌ ပါဝင်သည်ဟုဆိုကာ စစ်တပ်က ဖမ်းဆီး

ရန်ကုန်၊ ဇွန် ၂၄

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် အမျိုးသမီး ၄ ဦးကို ပန်းသပိတ်၌ ပါဝင်သည်ဟုဆိုကာ အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများထံမှ သိရသည်။

ဇွန်လ ၂၀ ရက်နေ့ ည ၈ နာရီခန့်က ရေဖြူမြို့နယ်၊ ဖောင်းတောရွာတွင် ပန်းသပိတ် ပြုလုပ်မှုကြောင့်အမျိုးသမီး ၄ဦးကို အကြမ်းဖက်စစ်တပ်၏ မောရဝတီရေတပ်က ဖမ်းဆီးသွားကြောင်းသိရှိရသည်။

အကြမ်းဖက် စစ်တပ်က ကား ၃ စီးနှင့် ဖောင်းတောကျေးရွာ အတွင်းသို့ ရောက်ရှိလာပြီး အသက် ၃၉ နှစ် အရွယ် ဒေါ်မီးလေး၊ အသက် ၃၈ နှစ် အရွယ် ဒေါ်မီးချို ၊အသက် ၄၅ နှစ် အရွယ် ဒေါ်နှင်းမြင့်၊ အသက် ၄၁ နှစ်အရွယ် ဒေါ်စုဝေတို့ကို ဖမ်းဆီးသွားပြီးနောက် ည ၁၁ နာရီ ခန့်အချိန်တွင် ပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။

အဆိုပါ အမျိုးသမီး ၄ ဦးကို ဖမ်းဆီးရာတွင် ဖောင်းတောရွာရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ စစ်ကောင်စီထောက်ခံသူ အချို့က တက်ကြွစွာ ပါဝင်ခဲ့ပြီး ဖမ်းဆီးခံရသူများ၏ အိမ်များကို လက်ညှိုးထိုးပြပြီးနောက် စစ်တပ်က ဝင်ရောက် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဖမ်းဆီးခံရသူ အမျိုးသမီး လေးဦးကို အုန်းပင်ကွင်းရွာရှိ မောရဝတီ ရေတပ်စခန်း ဌာနချုပ်တွင် ဖမ်းဆီးစစ်ဆေးနေပြီး မိသားစုဝင်များနှင့် အဆက်သွယ် မရသေးကြောင်း ဒေသပြည်သူများက ပြောကြားသည်။

ထို့ပြင် ဇွန် ၁၉ ရက်နေ့ ည ၁၁ နာရီခန့်ကလည်း ကံပေါက် သီရိမင်္ဂလာရပ်ကွက်ရှိ ရင်ခွင်သစ် (ECCD) ပုဂ္ဂလိက မူကြို ကျောင်းပိုင်ရှင် ဇနီးမောင်နှံ နှစ်ဦးကိုလည်း စစ်ကောင်စီရေတပ်က ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်ထိ မိသားစုဝင်များနှင့် အဆက်အသွယ် မရရှိသေးကြောင်း၊ ကံပေါက်ဒေသတွင် ဇွန်လ ၁၉ ရက်နှင့် ဇွန်လ ၂၀ ရက် နှစ်ရက် အတွင်း ဖမ်းဆီးခံရသူ ၆ ဦး အထိ ရှိပြီး ပြန်လည် လွတ်မြောက်လာသူ မရှိသေးကြောင်း ဒေသပြည်သူများထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article