ကိုးကန့်ဒေသတွင် ခလရ ၁၂၈ မှ စစ်သား ၁ ဦး MNDAA တပ်ဖွဲ့ထံ အလင်းဝင်
ရန်ကုန်၊ ဇွန် ၂၄
ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသတွင် အကြမ်းဖက် စစ်တပ်၏ ခြေလျင်တပ်ရင်း ၁၂၈ မှ စစ်သား ၁ ဦး MNDAA တပ်ဖွဲ့ထံ အလင်း ဝင်ရောက် လာကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သည့် The kokang ထံမှ သိရသည်။
ဇွန်လ ၁၅ ရက်နေ့တွင် ကိုးကန့်ဒေသ၌ အခြေချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ ခြေမြန်တပ်ရင်း ၁၂၈ မှ တပ်သား တိုက်အုပ်မိုးသည် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်ကိုးကန့် (MNDAA) တပ်ဖွဲ့ထံ လက်နက်ချ အလင်းဝင်လာကြောင်း သိရှိရသည်။
တိုက်အုပ်မိုးသည် စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဇွန်လပိုင်းတွင် အကြမ်းဖက် စစ်တပ်၌ ဝင်ရောက်ခဲ့ပြီး စစ်တပ်တွင် ဆက်လက် နေထိုင်စိတ် မရှိခြင်းနှင့် အထက် အရာရှိ၏ အကြိမ်ကြိမ် ရိုက်နှက်မှုကြောင့် ကိုးကန့် MNDAA တပ်ဖွဲ့ထံ လက်နက်ချ အလင်းဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်ထံမှ ထွက်ပြေးသွားသော တိုက်အုပ်စိုးသည် မန်လတ်ဒေသလမ်းခွဲရှိ တပ်စခန်းမှ ထွက်ပြေးလာခြင်းဖြစ်ပြီး MNDAA ၏ စစ်သုံ့ပန်း ဦးစားပေး မူဝါဒအရ မည်သည့် နေရာမဆို ဖမ်းဆီးခံရခြင်း သို့မဟုတ် လက်နက်ချ အလင်းဝင်လာသော အကြမ်းဖက် စစ်တပ်၏ စစ်သားများကို လူသားချင်း စာနာထောက်ထားမှုအရ ဆက်ဆံပြီး အိမ်ပြန်လွှတ် ယုံသာမက လမ်းစရိတ်အဖြစ် တရုတ်ငွေ ၅၀၀ ကူညီပေးခဲ့ကြောင်း သိရှိရသည်။