သရက်ချောင်းမြို့နယ်၊ ရငဲရွာရှိ နေအိမ်များကို စစ်တပ်က ထပ်မံ မီးတင်ရှို့နေ
ရန်ကုန်၊ ဇွန် ၂၆
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ရငဲရွာရှိ နေအိမ်များကို အကြမ်းဖက် စစ်တပ်က ထပ်မံမီးရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ရငဲရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ရွာထဲရှိ အင်းဗူးအပိုင်း လမ်းဆုံနှင့် ရွာတောင်ပိုင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
“အခု နံနက်ပိုင်း ရငဲရွာ အင်းဗူး အပိုင်းလမ်းဆုံမှာ နေအိမ် ၁ လုံးကို မီးစရှို့နေပြီ ရငဲရွာတောင်ပိုင်း ကျော်စိုးမိုးအိမ်နဲ့ ကပ်လျက် နေအိမ် ၁ လုံးကိုလည်း ထပ်ရှို့နေတယ်။ အခုနံနက် ရှို့နေတာ နေအိမ် ၄ လုံးလို့ သိရတယ်” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။
ရငဲကျေးရွာမှ ဒေသခံ ပြည်သူများ အပါအဝင် ကျေးရွာ ၁၁ ရွာမှ ပြည်သူများသည် ဇွန်လ အတွင်းမှစတင်ကာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရပြီး ဇွန်လ ၁၉ ရက်နေ့တွင် စစ်တပ်က ရငဲရွာ ပြည်သူများကို ရွာထဲ၌ ပြန်လည် နေထိုင်ရန် ခေါ်ဆောင်ခဲ့ပြီး ပြန်လာသူများကို သေနတ်ဖြင့် လိုက်လံပစ်ခတ်သော ဖြစ်စဥ်ပါ ဖြစ်ပွားခဲ့ကြောင်း သိရသည်။