29 C
Yangon

နေပြည်တော်တွင် စစ်ခေါင်းဆောင် တည်ထားသည့် ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဆင်းတုတော်ပတ်ဝန်းကျင်ရှိ ဘုန်းကြီးကျောင်း ၁၂ ကျောင်းနှင့်ရွာများကို မင်းအောင်လှိုင်၏ လုံခြုံရေးအတွက် စစ်တပ်က ရှင်းလင်းဖျက်ဆီးခဲ့

Must read

နေပြည်တော်တွင် စစ်ခေါင်းဆောင် တည်ထားသည့် ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဆင်းတုတော်ပတ်ဝန်းကျင်ရှိ ဘုန်းကြီးကျောင်း ၁၂ ကျောင်းနှင့်ရွာများကို မင်းအောင်လှိုင်၏ လုံခြုံရေးအတွက် စစ်တပ်က ရှင်းလင်းဖျက်ဆီးခဲ့

ရန်ကုန်၊ ဇွန် ၂၇

နေပြည်တော်တွင် အကြမ်းဖက် မင်းအောင်လှိုင် တည်ထားသည့် ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဆင်းတုတော်ပတ် ဝန်းကျင်ရှိ ဘုန်းကြီးကျောင်း ၁၂ ကျောင်းနှင့်ကျေးရွာများကို လုံခြုံရေး အကြောင်းပြ၍ စစ်တပ်က ရှင်းလင်းဖျက်သိမ်းလိုက် ကြောင်း စစ်တပ်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။

အကြမ်းဖက် မင်းအောင်လှိုင်က သူတည်ထားသည့် ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဆင်းတုတော် ပတ်ဝန်းကျင်တွင် လူနေအိမ်များ၊ ရွာများရှိနေမှုအပေါ် လုံခြုံရေးအတွက် စိုးရိမ်ရသည် မှတ်ချက်ချကာ ဘုန်းကြီးကျောင်း ၁၂ ကျောင်းနှင့်ကျေးရွာများကို ကျူးကျော်ရွာများ၊ ကျူးကျော်ဘုန်းကြီးကျောင်းများဟု အမည်တပ်ကာ ဖျက်သိမ်းခဲ့ကြောင်း သိရှိရသည်။

“​ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဆင်းတုတော် ပတ်လည်က ရွာတွေ၊ ဘုန်းကြီးကျောင်းတွေ အရှင်းခံရတယ်။ တကယ့်ရှိစုမဲ့စုဝယ်ထားတဲ့ဝန်ထမ်းငယ်နဲ့ ​တောင်သူ​တွေ ဆုံးရှုံးမှု ကြုံရတယ်။ နေပြည်တော် မင်းအောင်လှိုင် ဘုရားနားက ဘုန်းကြီး ကျောင်း ၁၂ ကျောင်းနဲ့ ရွာတွေအဖျက်ခံရတာ။ ဘုရားလာရင် ရွာတွေရှိတော့ သူ့လုံခြုံရေး စိတ်မချလို့ ရှင်းလိုက်တာ” ဟု ရန်ကုန်ခေတ်သစ်၏ နေပြည်တော် သတင်းရင်းမြစ်က ပြောသည်။

မေလကတည်းက ဘုန်းကြီးကျောင်းများကို စစ်ကောင်စီက စတင်ဖျက်သိမ်းခဲ့ခြင်းဖြစ်ပြီး နေပြည်တော်တွင် ဘုန်းကြီးကျောင်းများကို အကြမ်းဖက် စစ်တပ်နှင့် စည်ပင်ပေါင်း၍ အတင်းအဓမ္မဖျက်ခဲ့ကြောင်း သိရှိရသည်။

မေလ ၁၀ ရက်နေ့တွင် နေပြည်တော်ရှိ ဘုန်းကြီးကျောင်း ၄ ကျောင်းထက်မနည်းကို စစ်ကောင်စီက အတင်းအဓမ္မ ဖျက်သိမ်းခဲ့ကြောင်း၊ ထပ်မံ၍ ဖျက်သိမ်းခံရမည့် ဘုန်းကြီးကျောင်းများတွင် ရတနာသိမ်ဖြူကျောင်းပါဝင်ပြီး ယင်းကျောင်းသည် သက်တမ်း ၁၀ နှစ်ကျော်ကာ ကျောင်းသား ၅၀ ကျော်၊ မိဘမဲ့ ကလေး ၃၀ ကျော် ပြုစုပေးနေသည့် ဘုန်းတော်ကြီးကျောင်းဖြစ်ကြောင်း ဒေသပြည်သူက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

“စစ်ကောင်စီက မေလ ၁၀ ရက်နေ့မှာ ဘုန်းကြီးကျောင်း ၄ ကျောင်းကို ဖျက်ပြီးပြီ။ ဓမ္မဒါနကျောင်း၊ အနတ္တဂုဏ်ရည်ကျောင်း၊ မေတ္တာအေးငြိမ်းကျောင်း၊ နောက်အဖျက်ခံရတဲ့ ကျောင်းတစ်ကျောင်းကတော့ နာမည် မသိဘူး။ ထပ်ဖျက်ဖို့ စစ်တပ်က ခြိမ်းခြောက်နေတဲ့ ဘုန်းကြီးကျောင်း ၃ ကျောင်းက ရတနာသိမ်ဖြူပရဟိတကျောင်းနဲ့ အခြားဘုန်းကြီးကျောင်း ၂ ခုကိုလည်း မေလ ၁၈ ရက်နေ့မှာ ဖျက်ဆီးခဲ့ပါတယ်“ဟု သံဃာတော်တစ်ပါးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

နေပြည်တော်ရှိ ဘုန်းကြီးကျောင်း ၃ ကျောင်းကို မေလကုန် ရက်နေ့တွင် အပြီးဖျက်သိမ်းခဲ့ပြီး ကျေးရွာများနှင့် လူနေအိမ်များကိုပါ ဖျက်သိမ်းခဲ့ကြောင်း သိရှိရသည်။

“ဘုန်းကြီးကျောင်းတွေတင်မဟုတ်တော့ဘူး လူနေအိမ်တွေ၊ ရပ်ကွက်တွေပါ ဖျက်တာပေါ့။ အစအနတောင်ရှာမရ။ အိမ်တွေကို အကုန်ဖျက်၊ လူတွေကို အကုန်ကားပေါ်တင်ပြီး တစ်နေရာချပေးခဲ့ကြတာ” ဟု ဒေသပြည်သူတစ်ဦးက လူနေအိမ်များ ဖျက်သိမ်းခံရမှုနှင့် ပတ်သက်၍ ပြောကြားသည်။

နေပြည်တော်တွင် ဘုန်းကြီးကျောင်းများ နှင့်ကျေးရွာများကို ဖျက်သိမ်းခဲ့ရာတွင်လည်း နေရာအစား ပြန်ပေးခြင်းများ မရှိဘဲ ကျူးကျော်ဟုဆိုကာ အတင်းအဓမ္မဖျက်သိမ်းခိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article