30 C
Yangon

သိမ်ဇရပ်မြို့ရှိ စစ်တပ်ဂိတ်ကို ဝင်ရောက် ပစ်ခတ်မှု ပျူစောထီး ၁ ဦး သေဆုံး၊ ထားဝယ် အရှေ့တော ဒေသတွင် တိုက်ပွဲ ဖြစ်ပွား

Must read

သိမ်ဇရပ်မြို့ရှိ စစ်တပ်ဂိတ်ကို ဝင်ရောက် ပစ်ခတ်မှု ပျူစောထီး ၁ ဦး သေဆုံး၊ ထားဝယ် အရှေ့တော ဒေသတွင် တိုက်ပွဲ ဖြစ်ပွား

ရန်ကုန်၊ ဇူလိုင် ၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့တွင် အကြမ်းဖက် စစ်တပ်ဂိတ်ကို ဝင်ရောက် ပစ်ခတ်ရာ ပျူစောထီး ၁ ဦး သေဆုံးခဲ့ကြောင်း Soul Takers – Yangon Underground Force အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် သိမ်ဇရပ်မြို့၊ စက္ကူရုံ အနီးရှိ အကြမ်းဖက် စစ်တပ်ဂိတ်ကို ဒေသကာကွယ်ရေး တပ်ဖွဲ့များက ကားနှင့် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ အင်အားဖြည့်ထားသည့် ကင်းပုန်းများနှင့် ထိပ်တိုက်တွေ့ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု တိုက်ပွဲ အသေးစား ဖြစ်ပွားခဲ့ကာ ပျူစောထီး ၁ ဦးသေဆုံးပြီး စစ်သားများ ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“ပျူ ၁ ကောင် သေတာက နာမည်က မြင့်ဇော်တဲ့ ခင်ဗျာ။ ယူနီဖောင်းနဲ့ တစ်ယောက်လည်း ကျသွားတာ တွေ့ခဲ့ပေမယ့် နာမည်ရာထူး မသိသေးပါဘူး ခင်ဗျာ။ ခုတော့ သူတို့ ရွာတွေဘက်ကို ရမ်းသမ်းပစ်နေတာ။ ကျွန်တော်တို့က အကုန်လွတ်လာပြီ” ဟု Soul Takers – Yangon Underground Force အဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

တိုက်ခိုက်မှုတွင် တော်လှန်ရေးရဲဘော်များ အားလုံး အထိအခိုက် အကျအဆုံးမရှိ ဘေးလွတ်ရာသို့ ရောက်ရှိပြီဖြစ်ပြီး စစ်ကောင်စီဘက်မှ ရမ်းသမ်းပစ်ခတ်နေသည့်အတွက် ပြည်သူများ နယ်မြေလုံခြုံရေးကို သတိထားကြရန်လည်း Soul Takers – Yangon Underground Force အဖွဲ့မှ မေတ္တာရပ်ခံထားသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ ထားဝယ်အရှေ့တောဒေသ သင်္ကန်းတုံးရွာ အနီး တောလမ်းအတိုင်းဝင်လာသည့် စစ်တပ်နှင့် တော်လှန်ရေးအဖွဲ့များ ဇူလိုင် ၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် နှစ်ဖက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ အများအပြား ကြားခဲ့ရပြီး ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း ဒေသပြည်သူများက ပြောကြားသည်။

အဆိုပါ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းသည် ဇွန်လ ၁၅ ရက်နေ့ ကတည်းက အရှေ့တောဒေသကို ယာဉ်တန်းနှင့် ဝင်ရောက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း၊ အဆိုပါ စစ်ကြောင်းသည် လကုန်ရက်တွင် ထားဝယ်ဘက်သို့ ပြန်လည် ထွက်ခွာသွားသော်လည်း အင်အားထက်ဝက်ခန့်မှာ အရှေ့တော ဒေသထဲတွင် ကျန်ရှိနေသေးကြောင်း ဒေသပြည်သူများ ထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article