32 C
Yangon

လယ်ဒိုမြို့နယ်တွင် စစ်တပ်က ပြည်သူ ၁ ဦးကို ဓားဖြင့် ထိုးသတ်ပြီး ပြည်သူ ၁၇ ဦးကို ဖမ်းဆီးထား၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာ ၁၇ ရွာက ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရ

Must read

လယ်ဒိုမြို့နယ်တွင် စစ်တပ်က ပြည်သူ ၁ ဦးကို ဓားဖြင့် ထိုးသတ်ပြီး ပြည်သူ ၁၇ ဦးကို ဖမ်းဆီးထား၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာ ၁၇ ရွာက ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရ

ရန်ကုန်၊ ဇူလိုင် ၁၀

ကရင်ပြည်နယ်၊ လယ်ဒိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၁ ဦးကို ဓားဖြင့် ထိုးသတ်ပြီး ပြည်သူ ၁၇ ဦးကို ဖမ်းဆီးထားကြောင်း ကေအဲန်ယူ−ဗဟို ထံမှ သိရသည်။

ဇူလိုင်လ ၆ ရက်မှ ၉ ရက်နေ့အထိ လယ်ဒိုမြို့နယ်၊ စစ်တောင်းမြစ် အနောက်ဘက်ခြမ်းနှင့် အရှေ့ဘက်ခြမ်းရှိ ကျေးရွာများ အတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ၂၈ လုံး ပစ်ခတ်ခဲ့ပြီး နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးကာ ပြည်သူ ၁၇ ဦးကို ဖမ်းဆီးထားပြီး အရပ်သား ပြည်သူ ၁ ဦးကိုလည်း ဓားနှင့်ထိုးသတ်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၆ ရက်နှင့် ၇ ရက်နေ့တွင် ကေအဲန်ယူ-လယ်ဒိုမြို့နယ်၊ ကျောက်မော်ဘုရားကြီးရွာမှ ပြည်သူ ၂ ဦးသည် မြို့ပေါ်သို့ စားနပ်ရိက္ခာသွားရောက် ဝယ်ယူစဥ် သူဌေးကုန်းကျေးရွာ၌ အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ မှ ဖမ်းဆီးခဲ့ကြောင်း၊ ထို့ပြင် ဗမာဝက်လာတောကျေးရွာမှ ပြည်သူ ၁ ဦးနှင့် ဒါးကုလားကျေးရွာမှ ပြည်သူ ၂ ဦးသည်လည်း ကျောက်တံခါးမြို့နယ်သို့ စားနပ်ရိက္ခာ သွားရောက် ဝယ်ယူစဥ် ကျောက်တံခါးမြို့ရှိ အကြမ်းဖက် စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၈ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ကေအဲန်ယူ-လယ်ဒိုမြို့နယ်ရှိ ဆိပ်ကြီးမှ အင်းနက်ကျေးရွာ ဘုန်းကြီးကျောင်းကို လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ပြီး မွန်းလွဲ ၁၂ နာရီခန့်တွင် ကေအဲန်ယူ-လယ်ဒိုမြို့နယ်၊ စစ်တောင်းမြစ် အနောက်ဘက်ခြမ်းရှိ စေးအိုးလာကျေးရွာမှ နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထို့ပြင် ယင်းနေ့တွင် နတ်သံကွင်းတံတား၌ တံတားလုံခြုံရေး ယူထားသည့် အကြမ်းဖက် စစ်တပ်က နတ်သံကွင်း ၃ ရပ်ကွက်တွင် နေထိုင်သည့် အသက် ၄၅ နှစ်အရွယ် ဦးရဲကြီးကို ညအချိန်တွင် ဓားနှင့်ထိုးသတ်ပြီး ဦးရဲကြီး၏ ရုပ်အလောင်းကို တံတားအောက်၌ ပြန်လည် တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

ဇူလိုင်လ ၉ ရက်နေ့တွင် ကေအန်ယူ-လယ်ဒိုမြို့နယ်၊ ကျောက်မော်ဘုရားကြီးမှ အရပ်သား ၁၀ ဦးနှင့် ပဒဲကောကျေးရွာမှ အရပ်သား ၂ ဦးသည် ကျောက်တံခါးမြို့သို့ စားနပ် ရိက္ခာသွားရောက်ဝယ်ယူစဥ် နံနက် ၁၁ နာရီခန့်တွင် ကျောက်တံခါးမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ က ကျောက်တံခါးရဲစခန်းတွင် ဖမ်းဆီးထားခဲ့ကြောင်း သိရသည်။

ယင်းနေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ က ပိန်းဇလုပ်စခန်းမှနေ၍ ကေအဲန်ယူ-လယ်ဒိုမြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ ရေတွင်းကုန်းကျေးရွာကို လက်နက်ကြီး ၅ လုံး ပစ်ခတ်ခဲ့ကြောင်း၊ ညနေ ၄ နာရီမှ ည ၉ နာရီ ၃၀ မိနစ်အထိ ကေအဲန်ယူ-လယ်ဒိုမြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ ရေတွင်းကုန်း၊ ကျောင်းကုန်း၊ သူဌေးကုန်း၊ နှင့် ကညင်ကျိုး ကျေးရွာကိုလည်း လက်နက်ကြီး ၂၁ လုံး ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကေအဲန်ယူ-လယ်ဒိုမြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ခြမ်းရှိ ကျေးရွာပြည်သူလူထုများ စိုးရိမ်ထိတ်လန့်မှုကြောင့် အင်းပရိ၊ ကျောက်တန်း၊ ကညင်ကျိုး၊ လက်ခံ၊ ဒိုးတန်း၊ ကန်ကလေး၊ ငဖယ်အင်း၊ ရေတွင်းကုန်း၊ သမင်အင်းကုန်း၊ ချွဲတလဲ၊ တလဲဒူး၊ တလဲဆန်း၊ ခိုလှုံ၊ တလဲခင်၊ နံဇ၊ ကျောင်းကုန်း၊ သူဌေးကုန်း ကျေးရွာများမှ ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ကေအဲန်ယူ−ဗဟိုက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article