30 C
Yangon

နေပြည်တော်ကို ဝိုင်းပတ်တိုက်ခိုက်နိုင်ရန်အတွက် မမ များနှင့်ပွဲကမယ် ပဉ္စမမြောက်ပရောဂျက် စတင်မည်

Must read

နေပြည်တော်ကို ဝိုင်းပတ်တိုက်ခိုက်နိုင်ရန်အတွက် မမ များနှင့်ပွဲကမယ် ပဉ္စမမြောက်ပရောဂျက် စတင်မည်

ရန်ကုန်၊ဇူလိုင် ၁၈

အကြမ်းဖက်စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်ကို ဝိုင်းပတ်တိုက်ခိုက်နိုင်ရန် အတွက် မမများနှင့် ပွဲကမယ် ပဉ္စမမြောက်ပရောဂျက် စတင်တော့မည်ဖြစ်ကြောင်း ယနေ့ပြုလုပ်သည့် အမျိုးသား ညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ ရံပုံငွေရှာဖွေရေးအစီအစဉ် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် ကြေညာထားသည့် လမ်းများအားလုံး နေပြည်တော်သို့ ဆိုသည့်အတိုင်း ယခု ပရောဂျက်ကိုလည်း “နေပြည်တော်ကို ဝိုင်းပတ်လို့ မမ များနှင့် ပွဲကစို့”ဟု အမည်ပေးထားကြောင်း၊နေပြည်တော်ရှိ အကြမ်းဖက်စစ်ကောင်စီ တပ်ရင်းများကို ဖြိုချရန် အတွက် နေပြည်တော်ကို ပတ်ဝိုင်းပြီး ရှိသမျှ ပြည်သူ့ကာကွယ်ရေးတပ်များကို လက်နက် ကြီးများ တပ်ဆင် ပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်သွားမည့် ပရောဂျက်ဖြစ်ကြောင်း ယင်းအစီအစဉ် ဦးဆောင်သူ တစ်ဦးကပြောသည်။

“နေပြည်တော်ကို ဝိုင်းပတ်လို့ မမ များနှင့် ပွဲကစို့” ပရောဂျက်ကို ကျပ် သိန်းပေါင်းတစ်သောင်း လျာထားပြီး ပရောဂျက် ကာလကို ဇူလိုင် ၂၃ ရက်ကနေ ဩဂုတ်လ ၁၅ ရက်နေ့အထိ သတ်မှတ်ထားကြောင်း၊ ယင်းကာလအတွင်းမှာပဲ ရံပုံငွေ ကျပ်သိန်းပေါင်းတစ်သောင်းကို ရှာဖွေသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှလည်း လက်နက်ကြီးများတပ်ဆင်လာသည့် ကာလတွင် မမ များနှင့်ပွဲကမယ် အစီအစဉ်ကလည်း လုပ်ဆောင်လာသည့်အတွက် ချိန်ကိုက်ဖြစ်သွားပြီး ယင်းအစီအစဉ်ကနေ လက်နက်ကြီးတပ်ဆင်မှုများ အတိုင်းအတာတစ်ခုထိ ဆောင်ရွက်နိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင် ကပြောသည်။

ယခုနောက်ပိုင်းတွင် စခန်းသိမ်းတိုက်ပွဲများနှင့် သမရိုးကျဆန်သည့် တိုက်ပွဲများတွင် လက်နက်ကြီးသုံးစွဲမှုက အရေးကြီးလာကြောင်း၊ ယင်းကြောင့် မမများနှင့်ပွဲကမယ် အစီအစဉ်က ရလာသည့် ရံပုံငွေသည် NUG ၏ လက်နက်တပ်ဆင်သည့် မဟာဗျူဟာနှင့်လည်း ကိုက်ညီမှုရှိပြီး စခန်းသိမ်းတိုက်ပွဲများ ခပ်စိတ်စိတ်တိုက်လာ နိုင်သလို သမရိုးကျတိုက်ပွဲများလည်း တိုက်လာနိုင်ကြောင့် ဦးနိုင်ထူးအောင်ကပြောသည်။

ယင်းတိုက်ပွဲများတွင် လက်နက်ကြီးပစ်ကူအားသည် အရေးကြီးလာသည့်အတွက် တော်လှန်ရေးအတွက် အတိုင်းအတာတစ်စုံတစ်ရာ အကျိုးပြု၍ အားရမှုရှိသည့် စီမံချက်မျိုးဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင် ကပြောသည်။

မမများနှင့် ပွဲကမယ် အစီအစဉ်၏ ပြီးခဲ့သည့် ပရောဂျက်လေးခုမှ အမေရိကန်ဒေါ်လာ ၂ မီလီယံနီးပါး ရှာဖွေနိုင်ခဲ့ပြီး ပရောဂျက်များ၏ခေါင်းစဉ်အလိုက် တော်လှန်ရေးအဖွဲ့များကို လက်နက်ကြီးများ တပ်ဆင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- နေပြည်တော်၏ လုံခြုံရေးအစောင့် အကြမ်းဖက် ရဲများ။ (ပုံအဟောင်း ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article