ခင်ဦးတွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၂ ဦးသေဆုံး၊ ကျေးရွာ ၆ ရွာမှ ပြည်သူ ၅၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးနေရ
ရန်ကုန်၊ ဇူလိုင် ၂၀
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် ရေဦးမြို့ တိုင်းရင်းဆေးရုံ၌ အခြေချထားသော အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီး ၄ လုံးဖြင့် ပစ်ခတ်ခဲ့ပြီး ခင်ဦးမြို့နယ် မူးသာကျေးရွာအတွင်း ကျရောက်ပေါက်ကွဲကာ အသက် ၂၇ နှစ်အရွယ် အမျိုးသမီး ၁ ဦး နှင့် အသက် ၄၀ ခန့် အမျိုးသား ၁ ဦးတို့ လက်နက်ကြီးထိမှန်ပြီး ဆေးကုသချိန်မရဘဲ သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် ခင်ဦးမြို့နယ်၊ အင်းပတ်ကွေ့ဈေးတန်း၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် ရွာသစ်ကုန်းရွာရှိ ပျူစောထီးများက မိုးရွာထဲ၌ ရွာသစ်ကျေးရွာအနီး လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ဝင်ရောက်လာသောကြောင့် ကျေးရွာ ၆ ရွာမှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေးနေရကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် ရွာသစ်၊ မူးသာ၊ သက်ပေး၊ ချမ်းသာကုန်း၊ ညောင်ပင်ခြံနှင့် ဆည်ကြီးရွာတို့မှ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် သက်ကြီးရွယ်အိုများ အပါအဝင် ပြည်သူ ၅၀၀၀ ကျော် မိုးရွာထဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။


