25 C
Yangon

မြန်မာစစ်အုပ်စုထံ ဝင်ငွေနဲ့ လက်နက် စီးဝင်နေမှု လမ်းကြောင်းများ ပိတ်ဆို့နိုင်ရေး စင်ကာပူရဲ့ အခန်းကဏ္ဍ အရေးကြီး

Must read

မြန်မာစစ်အုပ်စုထံ ဝင်ငွေနဲ့ လက်နက် စီးဝင်နေမှု လမ်းကြောင်းများ ပိတ်ဆို့နိုင်ရေး စင်ကာပူရဲ့ အခန်းကဏ္ဍ အရေးကြီး

By လမ်းသစ်

သေနတ် ခါးကြားချိတ်ပြီး “ မလုပ်ရဲတာ ဘာမှမရှိ” ဟု သူရဲဘောကြောင်ကြောင် ကြွေးကြော်သူလို့ ဆိုရင် စစ်အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်ပဲ ဖြစ်တယ်ဆိုတာ လူတိုင်း သိကြပါလိမ့်မယ်။ မင်းအောင်လှိုင် ဦးဆောင်တဲ့ ဖက်ဆစ်စစ်တပ်ဟာ မတရားလုယူထားတဲ့ အာဏာကို ဆုပ်ကိုင်ထားနိုင်ဖို့ လက်နက်အားကိုးနဲ့ ဘယ်သူ့ကိုမဆို သတ်ပစ်ဖို့ ဝန်မလေးကြသူတွေပါ။

ပြည်သူ့ဘဏ္ဍာတွေကို အသုံးပြု၊ လက်နက်တွေ ဝယ်ယူပြီး ပြည်သူကို ပြန်သတ်နေတဲ့ ဒီအကြမ်းဖက်စစ်တပ်ဟာ စစ်ရာဇဝတ်မှုတွေအတွက် တရားခံတွေဆိုရင် ဒီလိုအဖွဲ့အစည်းကို လက်နက်ရောင်းချသူတွေ၊ စစ်လက်နက်ရဖို့ တစ်နည်းနည်းနဲ့ အထောက်အပံ့ ဖြစ်စေသူတွေဟာ စစ်ရာဇဝတ်ကောင်တွေရဲ့ ကြံရာပါတွေပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် Tom Andrews ရဲ့ “သေမင်းတမန် ကုန်သွယ်မှု” အစီရင်ခံစာ ထွက်လာချိန်မှာ ပြည်သူကိုဖိနှိပ်ဖို့ မြန်မာစစ်တပ်ရဲ့ လက်နက်အင်အား ဖြည့်တင်းထားမှုတွေ၊ စစ်တပ်အတွက် လက်နက်ထောက်ပံ့ပေးနေတဲ့ နိုင်ငံတွေဟာ မဖုံးနိုင်မဖိနိုင် ဖြစ်ခဲ့ရပါတယ်။

မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် အသုံးပြုပြီး စစ်လက်နက်နဲ့ ကုန်ကြမ်းတွေ ဝယ်ယူခဲ့တယ်လို့ ဆိုထားတဲ့ အဲ့ဒီအစီရင်ခံစာထဲမှာ စင်ကာပူအခြေစိုက် ကုမ္ပဏီ ၄၇ ခု ပါဝင်ပတ်သက်နေတယ်လို့လည်း ဖော်ပြထားပါတယ်။ စင်ကာပူကတော့ သူတို့အနေနဲ့ မြန်မာကို လက်နက်မပို့ဘူးလို့ ထုတ်ပြန် ငြင်းဆိုခဲ့ပါတယ်။

“လက်နက်မဲ့ အရပ်သားများကို အကြမ်းဖက်ရန် အသုံးပြုနိုင်သည့် အန္တရာယ်ရှိ စစ်ဘက်ဆိုင်ရာ လက်နက်များ မြန်မာနိုင်ငံသို့ လွှဲပြောင်းသည်ကို တားဆီးသည့် မူဝါဒ ရှိပြီးဖြစ်သည်။ ဤစည်းမျဉ်းစည်းကမ်းကို ချိုးဖောက်သည့် မည်သည့်လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းကိုမဆို အရေးယူရန် တွန့်ဆုတ်နေမည် မဟုတ်ပါ” လို့ စင်ကာပူက ထုတ်ပြန်ခဲ့တာပါ။

Tom Andrews ရဲ့ အစီရင်ခံစာအရ မြန်မာစစ်တပ်ဟာ သူတို့ရဲ့ မိုက်ဖော်မိုက်ဖက်ကြီး တွေဖြစ်တဲ့ ရုရှားနဲ့ တရုတ်ဆီက လေယာဉ်တွေ အများဆုံးဝယ်ယူခဲ့ပြီး လက်နက်ကုန်ကူးသူတွေဟာ မြန်မာရဲ့ အိမ်နီးချင်း စင်ကာပူနိုင်ငံဘဏ်တွေကို အကြီးအကျယ် အသုံးချခဲ့တယ်လို့ ဆိုထားပါတယ်။

မြန်မာ့အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းကို အကြံပြုမှုတွေ လုပ်ဆောင်နေတဲ့ Burma Campaign UK အဖွဲ့ရဲ့ ဒါရိုက်တာ မာ့ခ်ဖာမနာကတော့ မြန်မာစစ်တပ် လက်နက်ရရှိရေးမှာရော၊ ဘဏ္ဍာငွေ စီးဆင်းမှုအပိုင်းမှာပါ စင်ကာပူက အရေးပါတဲ့ နေရာမှာ ရှိနေဆဲဖြစ်တယ်လို့ ပြောထားတာ တွေ့ရပါတယ်။

“မြန်မာနိုင်ငံမှာ တစ်ကျော့ပြန် အာဏာသိမ်းမှုအပေါ် စင်ကာပူက အစပိုင်းမှာ တော်တော်လေး ဝေဖန်ခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် ဝေဖန်မှုတွေရဲ့ နောက်ဆက်တွဲ ဘယ်လိုအရေးယူ ကိုင်တွယ်မှုမျိုးကိုမှ မလုပ်ခဲ့ပါဘူး။

အဓိပ္ပာယ်ကတော့ စင်ကာပူဟာ မြန်မာစစ်တပ်အတွက် လက်နက်နဲ့ ဘဏ္ဍာငွေကြေးတွေ စီးဝင်နေတဲ့ဖြစ်ရပ်တွေကို သူတို့ မြေပေါ်မှာ ဆက်လက်ခွင့်ပြု နေခဲ့ပါတယ်။ သူတို့ရဲ့ဘဏ်တွေ ကုမ္ပဏီတွေ ဒီကိစ္စတွေမှာ ပါဝင်ပတ်သက်နေတာကိုလည်း ဆက်ပြီးခွင့်ပြုထားပါတယ်။”

Tom Andrews ရဲ့ အစီရင်ခံစာထွက်ပြီးနောက်ပိုင်း မြန်မာစစ်တပ်ရဲ့ လက်နက်ကုန်သွယ်ရေးမှာ ပါဝင်တဲ့ စင်ကာပူကုမ္ပဏီ ၉ဝ နီးပါးရှိတယ်လို့ ထပ်မံထွက်ပေါ်လာခဲ့ပါတယ်။ စင်ကာပူဘက်ကတော့ Tom Andrews ရဲ့ စုံစမ်းစစ်ဆေးမှုတွေအတွက် အပြုသဘောနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ရက်တုန်းကလည်း မြန်မာစစ်တပ် လက်နက်ထုတ်လုပ်ရာမှာ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေ ဝယ်ယူဖို့အတွက် စင်ကာပူနိုင်ငံဟာ ကြားခံနေရာမှာ ရှိနေတယ်ဆိုပြီး အစီရင်ခံစာတစ်ခု ထွက်လာခဲ့ပါသေးတယ်။

အဲ့ဒီအစီရင်ခံစာကို မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ယန်ဟီးလီ ပါဝင်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအဖွဲ့ Special Advisory Council for Myanmar (SAC-M) က ရေးသားခဲ့တာပါ။

SAC-M ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီးတော့လည်း စင်ကာပူက သူတို့အနေနဲ့ မြန်မာနိုင်ငံကို လက်နက် မရောင်းချတော့တာ ကြာပြီလို့ ငြင်းခဲ့ပါတယ်။

“မြန်မာနိုင်ငံသို့ ကာကွယ်ရေးပစ္စည်းများ ရောင်းချမှု ကြီးကြီးမားမား မရှိခဲ့ဘဲ အရပ်သားများကို တန်ပြန်တိုက်ခိုက်ရန် မသင့်လျော်သည့် ပစ္စည်းများကိုလည်း အမြဲတစေ ကန့်သတ်ထားပါတယ်။ မြန်မာနိုင်ငံကို ကာကွယ်ရေးပစ္စည်း ရောင်းချမှု တစ်စုံတစ်ရာ မရှိခဲ့ဘဲ ရှေ့ဆက်ပြီးလည်း တာဝန်သိစိတ်နဲ့ ဆက်လက် ဆောင်ရွက်သွားပါမယ်” လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ပြောခဲ့ပါတယ်။

စင်ကာပူနိုင်ငံဟာ မြန်မာစစ်တပ်အပေါ် ပွင့်ပွင်းလင်းလင်း ဝန်းရံပေးနေတဲ့ အုပ်စုထဲမှာ မပါဝင်သလို လက်တွေ့မှာ စစ်ကောင်စီအတွက် အထောက်အပံ့ ဖြစ်စေတဲ့အရာတွေကို ထိန်းချုပ်ဟန့်တားတာမျိုးလည်း မလုပ်ဘဲ သူ့စီးပွားရေးကိုသာ အာရုံစိုက်နေပုံရတယ်လို့ အကဲခတ်တချို့က သုံးသပ်ကြပါတယ်။

စင်ကာပူနိုင်ငံဟာ မြန်မာစစ်အုပ်စုအပေါ် နိုင်ငံတကာအရေးယူ ပိတ်ဆို့မှုရဲ့ ယိုပေါက်ဟာပေါက် ဖြစ်တယ်လို့တောင် ပြောဆိုမှုတွေ ရှိပါတယ်။ စင်ကာပူအနေနဲ့ သူတို့နိုင်ငံကဘဏ်တွေကို စစ်ကောင်စီ အသုံးမပြုနိုင်ရေးအတွက် ကန့်လန့်ကာနောက်ကွယ်မှာ အနောက်နိုင်ငံတွေနဲ့ ညှိနှိုင်းဆွေးနွေးတာတွေတော့ ရှိနိုင်တယ်လို့ Burma Campaign UK ဒါရိုက်တာ မာ့ခ်ဖာမနာက သုံးသပ်ခဲ့ပါတယ်။

“လူ့အခွင့်အရေး အထူးသံတမန်ရဲ့ အစီရင်ခံစာကို စင်ကာပူအစိုးရက တရားဝင် တုန့်ပြန်ဖြေဆိုတာ ရှင်းချက်ထုတ်တာတွေ လုပ်ရတာကို ကြည့်ခြင်းအားဖြင့် သူတို့အပေါ်မှာ ဖိအားတွေ သက်ရောက်နေပြီဆိုတာ သိနိုင်ပါတယ်။

မြန်မာစစ်တပ်ကို လက်နက်တွေ လွှဲပြောင်းပေးရာမှာ စင်ကာပူအစိုးရ မပါဝင်ဘူး မပတ်သက်ဘူးဆိုတာ ဟုတ်ကောင်းဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် စင်ကာပူအခြေစိုက် ကုမ္ပဏီတွေရဲ့ အခန်းကဏ္ဍ ကြီးကြီးမားမား ရှိနေတဲ့ အချက်ကတော့ ဘယ်လိုမှ မျက်ကွယ်ပြု လျစ်လျူရှုလို့ ရနိုင်မှာမဟုတ်ပါဘူး”

မြန်မာစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဖော်ထုတ်ရေးသားနေတဲ့ Justice For Myanmar အဖွဲ့ကလည်း အကြမ်းဖက်စစ်တပ်အတွက် ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ စစ်လက်နက်တွေ ဝယ်ယူရာမှာ မြန်မာနဲ့ စင်ကာပူကုမ္ပဏီ ၁၁၆ခု ရှိပြီး ဒါရိုက်တာနဲ့ ရှယ်ယာရှင် ၂၆၂ ယောက် ရှိတယ်လို့ ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ တရားမဝင် စစ်ကောင်စီဟာ ၂ဝ၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာတစ်ပြည်လုံးကို ဖရိုဖရဲ အခြေအနေ ရောက်အောင် တွန်းပို့ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေခဲ့ပါတယ်။

အရပ်သားပြည်သူနဲ့ ကူညီကယ်ဆယ်ရေး လုပ်သားတွေအပေါ်မှာပါ ဖမ်းဆီးအကြမ်းဖက် သတ်ဖြတ်နေတာကြောင့် မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတကာက ရှုတ်ချထားပြီး စစ်ကောင်စီကို ပြည်ပကနေ လက်နက်နဲ့ ငွေကြေးတွေ မရရှိအောင် လုပ်ဆောင်ကြဖို့ ကုလသမဂ္ဂကနေ နိုင်ငံတကာကို တိုက်တွန်းထားပါတယ်။

တရားမဝင် စစ်ကောင်စီရဲ့ မိတ်ဆွေနိုင်ငံ အနည်းစုကလွဲပြီး ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက စစ်ကောင်စီအပေါ် အရေးယူပိတ်ဆို့မှုတွေ လုပ်နေကြပါပြီ။

မြန်မာ့အိမ်နီးချင်း စင်ကာပူနိုင်ငံ အနေနဲ့လည်း အမျိုးသားအကျိုးစီးပွားဆိုတဲ့ ခေါင်းစဉ်အောက်မှာ လျော့တိလျော့ရဲ လုပ်မနေဘဲ ကမ္ဘာ့အလယ် ဂုဏ်သိက္ခာရှိစွာနဲ့ အမှန်တရားဘက်က မားမားမတ်မတ် ရပ်တည်ပြဖို့နဲ့ အဲ့လိုရပ်တည်လာအောင်လည်း ဘက်ပေါင်းစုံမှ တိုက်တွန်းဖိအားပေး တောင်းဆိုမှုများ လိုအပ်နေကြောင်း တိုက်တွန်းရေးသားလိုက်ရပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article