ဆောထိမြို့နယ်တွင် ၆ ရက်တာ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၃ ဦးသေဆုံး၊ စစ်တပ်က ပြည်သူ ၁ ဦးကို ဖမ်းဆီး သတ်ဖြတ်ပြီး ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်
ရန်ကုန်၊ ဇူလိုင် ၂၁
ကရင်ပြည်နယ် ၊ ဆောထိမြို့နယ်တွင် ၆ ရက်တာ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၃ ဦးသေဆုံးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
ဇူလိုင် ၁၄ ရက်နေ့ မှ ၁၉ ရက်နေ့အထိ အကြမ်းဖက်စစ်တပ်၏ ခမရ-၂၀ ၊ ခလရ-၂၆၄ ၊ ခမရ-၆၀၃၊ ပျူစောထီးများ ပါဝင်သော စစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း ၇ လက်အောက်ခံ ပူးပေါင်း တပ်ဖွဲ့များအကြား တိုက်ပွဲ ၉ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်၏ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ၁၃ ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ KNLA တပ်ရင်း ၇ လက်အောက်ခံ ပူးပေါင်း တပ်ဖွဲ့ဘက်မှ ထိခိုက် ကျဆုံးမှု တစ်စုံတစ်ရာမျှ မရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဆောထိမြို့နယ်ရှိ တော်ဝိ၊ ပေါက်တော၊ ရေကြည်ချောင်းမှနေ၍ ကောက်မယ့်သူ၊ ချုံအင်း၊ ကွင်းတလာလေး ကျေးရွာများအတွင်းကို ဇူလိုင်လ ၁၄ ရက်နေ့မှ ၁၉ ရက်နေ့အထိ လက်နက်ကြီး ၃၈ လုံးကျော်ပစ်ခတ်ခဲ့၍ ကောက်မယ့်သူ ကျေးရွာမှ ပြည်သူ့နေအိမ် ၂ လုံး၊ ကွင်းတလာလေး ကျေးရွာမှာ နေအိမ် ၁ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်တပ်၏ ခမရ-၂၀ မှ ပုဇွန်မြောင်းကျေးရွာတွင်းသို့ ဝင်ရောက်၍နေအိမ် ၁လုံးကို မီးရှို့ဖျက်ဆီးခဲ့ကာ ကောက်မယ့်သူကျေးရွာတွင်းရှိ ဒေသပြည်သူ ၁ ဦး၏ နေအိမ်ကိုလည်း ဝင်ရောက်မွှေနှောက် ဖျက်ဆီးခဲ့ကြောင်း၊ ဇူလိုင် ၁၈ ရက်နေ့တွင် သိမ်ဇရပ်မြို့သို့ ဈေးသွားဝယ်သည့် ကေအန်ယူ-ဆောထိမြို့နယ်၊ ဇီးပြောင်း ၁ ကျေးရွာ အသက် ၂၅ နှစ်အရွယ် စောချစ်လေးကို အကြမ်းဖက်စစ်တပ်၏ ခမရ – ၂၀၇ မှ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် ကေအဲန်ယူ-ဆောထိမြို့နယ်အတွင်း ကျေးရွာပေါင်း ၁၆ ရွာကျော်မှ ပြည်သူ စုစုပေါင်း ၁၄၀၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။