လောင်းလုံးမြို့နယ်ရှိ ကျောက်နီမော်ရွာမှ ပျူစောထီးများ၏ ကင်းစခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်မှု ၅ ဦးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၂၃
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ ကျောက်နီမော်ရွာမှ ပျူစောထီးများ ဆက်ကြေးကောက်နေသည့် ကင်းစခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ၅ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် LLPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၁၉ ရက်နေ့ နံနက် အစောပိုင်း ၅ နာရီခန့်တွင် ကျောက်နီမော်ရွာမှ ပျူစောထီးအဖွဲ့များ ဆက်ကြေးကောက် ကင်းထောက်လှမ်း လုပ်ကိုင်နေသည့် ရဲချောင်း ကင်းစခန်းနှင့် ပျူစောထီး နေအိမ် ၁ လုံးကို ဝင်ရောက် တိုက်ခိုက်ရာ ကင်းစောင့်ရန် ကျန်ရှိနေသော ပျူစောထီး ၂ ဦး ဖြစ်သည့် ပျူထွန်းဝါး နှင့် ပျူမျောက်တို့ သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ကင်းစခန်းကို သိမ်းပိုက်ပြီးနောက် စခန်းအတွင်း အဝေးထိန်းမိုင်း ၅ လုံးချထားကာ ဆုတ်ခွာခဲ့ပြီးနောက် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် စစ်သားနှင့်ပျူစောထီး ၅ ဦးရောက်ရှိလာစဥ် ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့သောကြောင့် ၃ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဇူလိုင် ၁၅ ရက်နေ့ နံနက်ပိုင်းက ကျောက်နီမော်ကျေးရွာမှ ထွက်လာသည့် စစ်သားများ လိုက်ပါလာသော စက်လှေ ကျောက်နီမော်-သကျက်တော အကြား မြစ်တစ်နေရာ၌ တိမ်းမှောက်ခဲ့ပြီးနောက် ကျောက်နီမော်ရွာမဇ ပျူစောထီးများ ကယ်ဆယ်ရေးနှင့် အလောင်းဆယ်ယူရေး လုပ်ငန်းများဖြင့် အလုပ်များနေချိန်ကို အခွင့်ကောင်းယူကာ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။