ကန့်ဘလူမြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူ ၁၁ ဦး မြွေကိုက်ခံရပြီး ၁ ဦး သေဆုံးကာ မြွေဆိပ်ဖြေဆေးများ လိုအပ်နေ
ရန်ကုန်၊ ဇူလိုင် ၂၈
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ဘေးရှောင် ပြည်သူ ၁၁ ဦး မြွေကိုက်ခံရပြီး ၁ ဦး သေဆုံးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။
ဇူလိုင်လအတွင်း ကန့်ဘလူမြို့နယ်တွင် မြွေကိုက်ခံရသော ပြည်သူ ၁၁ ဦးမှာ ထန်းကုန်းတိုက်နယ်မှ ၃ ဦး၊ ချပ်သင်းတိုက်နယ်တို့မှ ၄ ဦး၊ ဇီးကုန်းတိုက်နယ်မှ ၂ ဦး၊ ပင့်သာတိုက်နယ်မှ ၁ ဦးနှင့် ကန့်ဘလူတိုက်နယ်မှ ၁ ဦးတို့ဖြစ်ပြီးဇူလိုင်လ ၁၄ ရက်နေ့က ဇချပ်သင်းတိုက်နယ်မှ မြွေကိုက်ခံရသည့် အသက် ၅၀ အရွယ် ဦးစိန်ချိုမှာ သေဆုံးခဲ့ကြောင်း သိရှိရသည်။
သေဆုံးသွားသော ဦးစိန်ချိုသည် ဆေးကုသရန် ရောက်ရှိလာချိန် နောက်ကျပြီး BPI မြွေဆိပ်ဖြေဆေး ၁၇ လုံးနှင့် အိန္ဒိယ မြွေဆိပ်ဖြေဆေး ၂၃ လုံးထိ ထိုးပေးခဲ့သော်လည်း သေဆုံးခဲ့ကြောင်း၊ ထို့ပြင် မြွေကိုက်ခံရသူ အချို့လည်း အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတွင်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ရွာစဥ်လှည့်၍ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများကြောင့် ဒေသ ပြည်သူများသည် စစ်ဘေးရှောင်နေရပြီး သက်မွေးဝမ်းကြောင်း လုပ်ငန်းများ မလုပ်နိုင်ဘဲ ဝင်ငွေမဲ့လာသည့် ပြည်သူများသည် မြွေကိုက်ခံရပါက ဆေးရုံးဆေးခန်းများသို့ ပြသရန် ခက်ခဲခြင်း၊ ငွေကုန်ကြေးကျခံ ကုသနိုင်ခြင်း မရှိသဖြင့် ရိုးရာဆေးမြီးတိုဖြင့် ကုသခြင်း၊ စုပ်ပေါက်ခြင်း စသည့် နည်းလမ်းများဖြင့် ဖြစ်သလို ကုသနေရသောကြောင့် သေဆုံးခြင်းများ ရှိကြောင်း သိရှိရသည်။
ကန့်ဘလူခရိုင်အတွင်း မြွေဆိုးကိုက်ခံရသည့် ဒေသ ပြည်သူများကို ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ – ကန့်ဘလူခရိုင်နှင့် ပြည်တွင်း၊ ပြည်ပမှ ပြည်သူများက မြွေဆိပ်ဖြေဆေးများ ကူညီမှုများ ရှိသော်လည်း လုံလောက်မှု မရှိကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က ရွာစဥ်လှည့် မီးရှို့ဖျက်ဆီးမှုများကြောင့် ကုသမှုပေးရသည့် အခြအနေမှာလည်း လုံခြုံသည့်အခြေအနေတွင် မရှိကြောင်း သိရသည်။