ပုလောမြို့နယ်ရှိ စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်၊ ဖြူးမြို့နယ်တွင်လည်း စစ်တပ်ဂိတ်စခန်းကို စနိုက်ပါဖြင့် ပစ်ခတ်မှု ၁ ဦးသေဆုံး
ရန်ကုန်၊ ဇူလိုင် ၂၈
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း NUG အစိုးရက ထုတ်ပြန်ထားသည်။
ဇူလိုင်လ ၂၆ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီခန့်တွင် ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း ၁ နှင့်တောကြီးမြွေဟောက်တပ်ဖွဲ့ တို့ပူးပေါင်းကာ ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုကို အတည်မပြုနိုင်သေးဘဲ ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့ကြောင်းသိရှိရသည်။
အလားတူ ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အုတ်ဖြတ် တံတားဂိတ်ကို စနိုက်ပါဖြင့် ပစ်ခတ်ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း NUG အစိုးရ ကာကွယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
ဇူလိုင်လ ၂၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ဖြူးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် စခန်းချထားသော အုတ်ဖြတ် တံတားဂိတ်ကို KNLA၊ ရိုးမစစ်ကြောင်း ၂ တို့က စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်က ၄၀ မမ အပါအဝင် လက်နက်ကြီး ၅ လုံး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။