သပိတ်ကျင်း၊ ဆယ်ဇင်းကုန်းရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ကလေးငယ်များ အပါအဝင် ပြည်သူ ၈၀ ကျော်ကို ဖမ်းဆီး ထားကာ နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီး
ရန်ကုန်၊ ဇူလိုင် ၂၈
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဆယ်ဇင်းကုန်းရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ကလေးငယ်များ အပါအဝင် ပြည်သူ ၈၀ ကျော်ကို ဖမ်းဆီး ထားကြောင်း Thabeikkyin Revolution – TR မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇူလိုင်လ ၂၇ ရက်နေ့ ညနေ ၆ နာရီခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ဆယ်ဇင်းကုန်းရွာကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူပိုင် နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာအတွင်းရှိ ကလေးငယ်များ အပါအဝင် ပြည်သူ ၈၀ ကျော်ကို ဖမ်းဆီးထားကြောင်း သိရသည်။
” စစ်ခွေးတွေက ရွာထဲမှာ တပ်ဆွဲထားတုန်း ရွာတွင်း ရွာပြင် တောစပ်တွေအထိ စုစုပေါင်း အင်အား ၂၀၀ လောက်ရှိတယ်။ ဖမ်းဆီးခံရတဲ့ ပြည်သူတွေထဲမှာ ကလေးငယ်တွေရောပါတယ်။ ပြည်သူ အချို့ကိုလည်း နေပူလှန်း နှိပ်စက်တာတွေ ရှိတယ်လို့ သိရတယ်” ဟု Thabeikkyin Revolution – TR မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ရွာသား ၈၀ ကျော်ကို ဓားစာခံအဖြစ် ဆယ်ဇင်းကုန်းရွာ ဘုန်းကြီးကျောင်းထဲ၌ လက်ပြန်ကြိုးတုပ် ဖမ်းဆီးထားပြီး ဖမ်းဆီးခံရသူများထဲတွင် ကလေးငယ်များ ပါဝင်သောကြောင့် ဗိုက်ဆာ၍ အော်ငိုနေသည့် အသံများလည်း ဆူညံနေကြောင်း သိရသည်။
