မုတ္တမ စစ်ရေယာဉ်အတွက် စက်ပစ္စည်းအစိတ်အပိုင်းတွေ တင်သွင်းပေးခဲ့တဲ့ ဂျာမနီ ကုမ္ပဏီများကို ရာဇဝတ်ကြောင်းအရ အရေးယူနိုင်ဖို့ စုံစမ်းစစ်ဆေးမှုများ စတင်
ရန်ကုန်၊ ဩဂုတ် ၁
စစ်ကောင်စီရေတပ်ရဲ့ အဓိက စစ်ရေယာဉ်ဖြစ်တဲ့ မုတ္တမအတွက် အရေးပါတဲ့ စက်ပစ္စည်းအစိတ်အပိုင်းတွေ တင်သွင်းရောင်းချပေးခဲ့တဲ့ Man Energy Solutions အပေါ် ဂျာမနီနိုင်ငံမှာ ရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေပြီလို့ သိရပါတယ်။
ထိုတင်သွင်းရောင်းချမှုတွေဟာ ဂျာမနီနိုင်ငံရဲ့ နိုင်ငံခြားကုန်သွယ်မှုဥပဒေနဲ့ ဥရောပသမဂ္ဂရဲ့ အရပ်ဘက်-စစ်ဘက်နှစ်မျိုးသုံး ပစ္စည်းများဆိုင်ရာ ပြဌာန်းချက်များကို ချိုးဖောက်တယ်လို စွပ်စွဲခံခဲ့ရတာကြောင့် အခုလို ဂျာမန်သမိုင်းမှာ မရှိခဲ့ဘူးတဲ့ စုံစမ်းစစ်ဆေးမှုတွေကို စတင်ဆောင်ရွက် နေတာလည်း ဖြစ်ပါတယ်။
Justice For Myanmar က ပေးအပ်ခဲ့တဲ့ သုတေသနများနှင့် သက်သေ အထောက်အထားများကို အသုံးပြု၍ တရားလွှတ်တော်ရှေ့နေ Holger Rothbauer နှင့်အတူ Greenpeace Germany အဖွဲ့က ရာဇဝတ် ကြောင်းဆိုင်ရာ တိုင်ကြားချက် ဖွင့်ခဲ့ပြီးနောက် ယခုလိုတရားစွဲဆိုမှုများ လုပ်ဆောင်လာခြင်း ဖြစ်ပါတယ်။
စစ်ရေယာဉ် မုတ္တမဟာ တိုက်ခိုက်ရေးသုံး ကုန်းရေနှစ်ထွေသုံး ကမ်းတက်စစ်ရေယာဉ်ဖြစ်ပြီး၊ စစ်ဟယ်လီကော်ပတာများပါ တင်ဆောင်နိုင်ကာ၊ လတ်တလော အကြမ်းဖက် စစ်ဆင်ရေးတွေမှာ အသုံးပြုနေခြင်းလည်း ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းသို့ စစ်သည်များ၊ ဒုံးကျည်စနစ်များနှင့် အမြှောက် လက်နက်ကြီးများ သယ်ယူပို့ဆောင်ရာမှာ စစ်ရေယာဉ်မုတ္တမကို ကြိမ်ဖန်များစွာ အသုံးပြုခဲ့ပါတယ်။
စစ်ရေယာဉ်မုတ္တမကို စစ်အုပ်စုရဲ့ ပင်လယ်ပြင်စစ်ရေး လေ့ကျင့်မှုတွေမှာလည်း အဓိက အသုံးပြုခဲ့ပါသေးတယ်။ အဓိကတော့ ရေကြောင်းကနေ ရာနဲ့ချီတဲ့ စစ်သားတွေကို သယ်ဆောင့်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ရာမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။
စစ်ရေယာဉ်မုတ္တမကို တောင်ကိုးရီးယားနိုင်ငံမှာ တည်ဆောက်ခဲ့တာ ဖြစ်ပြီး၊ စစ်ကောင်စီရဲ့ ရေတပ်ပါဝင်ခဲ့တဲ့ ရိုဟင်ဂျာများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုအပြီး ၂၀၁၉ ခုနှစ်အတွင်း မြန်မာစစ်အုပ်စုက လွှဲပြောင်းရယူခဲ့တာပါ။
Volkswagen Group ရဲ့ လက်အောက်ခံ MAN Energy Solutions SE ဟာ မုတ္တမစစ်ရေယာဉ်ရဲ့ ပင်မအင်ဂျင်၊ ပါဝါသုံးပစ္စည်းများ၊ ပန်ကာနှင့် ပန်ကာထိန်းချုပ်မှုစနစ်၊ ထိန်းချုပ်ရေးနှင့် ပန်ကာသုံး ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ JFM ကဆိုပါတယ်။
တစ်ဆက်တည်းမှာပဲ ရေတပ်စစ်သည်တွေကို တောင်ကိုးရီးယားနိုင်ငံမှာ လေ့ကျင့်မှုတွေ ပြုလုပ်စေခဲ့တာပါ။။ ဒိန်းမတ်နိုင်ငံမှာရှိတဲ့ ၎င်းရဲ့ လက်အောက်ခံ ကုမ္ပဏီလည်း ပါဝင်တာဖြစ်ကြောင်း JFM ရဲ့ ကနဦး လေ့လာမှုတွေအရ သိရပါတယ်။
အခြားဂျာမနီကုမ္ပဏီများဖြစ်တဲ့ Raytheon Anschütz GmbH က ရေဒါစက်ပစ္စည်းတွေ၊ သင်္ဘောပဲ့ထိန်း သံလိုက်အိမ်မြှောင်စနစ်၊ အလိုအလျောက် မောင်းနှင်မှုနှင့် ပဲ့ထိန်းစနစ်တို့ကို ရောင်းချပေးအပ်ခဲ့ပါတယ်။
Reintjes GmbH ကုမ္ပဏီကတော့ Kracht GmbH အပါအဝင် အခြားဂျာမနီ ကုမ္ပဏီများမှ စက်ပစ္စည်းအစိတ်အပိုင်းများနှင့်အတူ စက်အစိတ်အပိုင်းစုကို ရောင်းချပေးအပ်ခဲ့တာပါ။
Alfons Haar Maschinenbau GmbH & Co KG -ကုမ္ပဏီကတော့ ရဟတ်ယာဥ် ဆီဖြည့်စနစ်ကို ရောင်းချပေးအပ်ခဲ့ပါတယ်။
တစ်ဆက်တည်းမှာပဲ နောက်ထပ် ဂျာမနီ ကုမ္ပဏီလေးခု ထက်မနည်းက ကယ်ဆယ်ရေးလှေများ၊ သံလိုက်အိမ်မြောင်စနစ်များ၊ အခြားသော စစ်ရေယာဉ်သုံး ဆက်စပ်ပစ္စည်းများကို မြန်မာစစ်တပ်အတွက် ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။
စစ်ရေယာဉ် မုတ္တမ တည်ဆောက်မှုမှာ ဂျာမနီနိုင်ငံက ကုမ္ပဏီ ၁၀ ခုထက်မနည်း ပါဝင်ပတ်သတ် နေတာကြောင့် စုံစမ်းစစ်ဆေး ဖော်ထုတ်မှုတွေကို မကြာခင်မှာ စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။
မုတ္တမ ရေယာဉ်၏ အသေးစိတ် အချက်အလက်များကို CDM လှုပ်ရှားမှုမှာ ပါဝင်လာတဲ့ ရေတပ်အရာရှိ မြတ်မင်းသူက ထုတ်ဖော်ပြောဆိုမှုတွေ ပြုလုပ်ခဲ့တာပါ။ သူဟာ တောင်ကိုရီးယားနိုင်ငံမှာ MAN ကုမ္ပဏီက ပေးအပ်ခဲ့တဲ့တဲ့ သင်တန်းကို ကိုယ်တိုင် တက်ရောက်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။
အဆိုပါ CDM အရာရှိဟာ မုတ္တမ စစ်ရေယာဉ်မှာ ၂၀၂၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့တာကြောင့်၊ ယခုကဲ့သို့ အထောက်အထားများကို ဖောက်ချနိုင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်အတွင်းမှာ တောင်ကိုးရီးယား ရဲတပ်ဖွဲ့ကလည်း မြန်မာစစ်အုပ်စုထံ မုတ္တမစစ်ရေယာဉ်အား တရားမဝင် လွှဲပြောင်းပေးအပ်မှုအပေါ် သင်္ဘောတည်ဆောက်ခဲ့တဲ့ Daesun Shipbuilding & Engineering၊ လွှဲပြောင်းရောင်းချမှုမှာ ကြားခံပွဲစားလုပ်ဆောင်ပေးခဲ့တဲ့ Posco International နဲ့ ကိုးရီးယား ကာကွယ်ရေးဝန်ကြီးဌာနတို့ကို စုံစမ်းစစ်ဆေးခဲ့ပါတယ်။ လက်ရှိမှာလည်း ဆက်လက် စုံစမ်း လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
အဆိုပါအမှုဟာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလအတွင်း Justice For Myanmar၊ Korean Civil Society in Solidarity with Rohingya နဲ့ Korean Transnational Corporation Watch တို့က တောင်ကိုးရီးယားနိုင်ငံရှိ OECD တိုင်ကြားချက်ဌာန၊ တောင်ကိုးရီးယား လူ့အခွင့်အရေး ကော်မရှင်တို့ထံ မုတ္တမစစ်ရေယာဥ်နဲ့ ပတ်သက်ပြီး Daesun Shipbuilding & Engineering၊ Posco International နဲ့ မြန်မာစစ်အုပ်စုကို ပံ့ပိုးကူညီနေတဲ့ အခြားစီးပွားရေး လုပ်ငန်းတွေအပေါ် အဓိက တိုင်ကြားချက် တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီ့ တိုင်ကြားချက်ကြောင့် စစ်သင်္ဘော တင်ပို့မှုအပေါ် မေးမြန်းစီစစ်ခဲ့ပြီး၊ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှု လုပ်ငန်းတွေကို မြန်မာနိုင်ငံက CDM စစ်အရာရှိဟောင်းက ပူးပေါင်းဆောင်ရွက်မှုတွေ ပါဝင်ခဲ့မှုကြောင့် ပိုမို ခရီးရောက်ခဲ့ပါတယ်။
JFM ရဲ့ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်ကတော့
“ဂျာမနီ နည်းပညာ တပ်ဆင်ထားတဲ့ စစ်ရေယာဉ်မုတ္တမက ပြည်သူတွေအပေါ် အကြမ်းဖက်စစ်ဆင် ရေး ဆောင်ရွက်နေတဲ့ မြန်မာစစ်အုပ်စုကို ကမ်းရိုးတန်း ဒေသတလျောက် စစ်သည်နဲ့ စစ်လက်နက်တွေ ရွှေ့ပြောင်းရာမှာ မြန်မာစစ်အုပ်စုရဲ့ လုပ်ဆောင်နိုင်စွမ်းကို အားဖြည့်ကူညီပေးနေတာ ဖြစ်ပါတယ်”
“မြန်မာစစ်အုပ်စုဆီကို စစ်လက်နက်တွေနဲ့ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းတွေ လွှဲပြောင်းပေးအပ်မှု အားလုံးအတွက် အရေးယူ တာဝန်ခံစေဖို့၊ ဂျာမနီနဲ့ ဥရောပသမဂ္ဂမှ နောက်ထပ် စစ်လက်နက် လွှဲပြောင်း ပေးအပ်မှုတွေကို ဟန့်တားဖို့အတွက် ယခုတရားစွဲဆိုမှုတွေက အရေးပါတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။ သို့ပေမယ့် မုတ္တမစစ်ရေယာဉ်စီမံကိန်းမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ကုမ္ပဏီအားလုံးအပေါ် တရားစွဲဆိုမှုတွေ တိုးချဲ့လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်”
ဒါ့ကြောင့် စစ်ကောင်စီထံ စစ်လက်နက်၊ စက်ပစ္စည်းတွေနဲ့ နည်းပညာတွေကို တရားမဝင် လွှဲပြောင်းပေးအပ်ခဲ့တဲ့ နိုင်ငံတဝန်းက ကုမ္ပဏီတွေအပေါ် စုံစမ်းစစ်ဆေး ပြီး၊ အရေးယူ တာဝန်ခံစေဖို့ ဂျာမနီအပါအဝင် အီးယူအဖွဲ့ဝင်နိုင်ငံတွေကို JFM က ထပ်ခါတလဲလဲ တောင်းဆိုထားပါတယ်။