စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်နှင့် နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC)
By လမ်းသစ်
အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင် အားကျနေတဲ့ ရုရှားသမ္မတ ပူတင်ကို နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ကနေ ဖမ်းဝရမ်း ထုတ်လိုက်ပြီးတဲ့နောက် မင်းအောင်လှိုင်ကိုပါ ဖမ်းဝရမ်း ထပ်ထုတ်စေချင်တဲ့ ဆန္ဒတွေ မြန်မာပြည်သူတွေရဲ့ ရင်ထဲမှာ အထင်းသား မြင်လာရပါတယ်။
ဘယ်တရားရုံးကပဲ ဖမ်းဝရမ်းထုတ်ထုတ် မင်းအောင်လှိုင် နိဂုံးချုပ်သွားဖို့က မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက်ပဲ မဟုတ်ပါလား။
ဒီလိုဖမ်းဝရမ်းထုတ်ဖို့ အနီးစပ်ဆုံးဆိုတဲ့ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ဆိုတာဟာ ဘယ်လိုတရားရုံးပါလဲ၊ ဘယ်လိုအမှုကိစ္စတွေကို ဖြေရှင်းဆောင်ရွက် နေတာပါလဲ ဆိုတာကို မြန်မာပြည်သူအများ စိတ်ဝင်စားလာကြသလို၊ အခြားတဖက်မှာလည်း မင်းအောင်လှိုင်ကို ဖမ်းဝရမ်း ထုတ်နိုင်ဖို့အတွက် တစိုက်မတ်မတ် အားထုတ်မှုတွေကလည်း လိုအပ်နေပြန်ပါတယ်။
နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC)
===============
မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုအတွက် ဂမ်ဘီယာနိုင်ငံကနေ တရားစွဲဆိုထားတဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) နဲ့ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ကို တချို့က ရောနေတတ်ကြပါတယ်။
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ဟာ နိုင်ငံအချင်းချင်း အငြင်းပွားမှုတွေကို ဖြေရှင်းဆုံးဖြတ်ပေးတဲ့ တရားရုံးဖြစ်ပြီး လူပုဂ္ဂိုလ်တစ်ဦးချင်းကို စွဲဆိုလို့ မရပါဘူး။
နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ကတော့ နိုင်ငံတကာ အသိုင်းအဝိုင်း အတွက် စိုးရိမ်ကြောက်လန့်ဖွယ်ရာ ရာဇဝတ်မှုတွေ ကျူးလွန်တဲ့ လူပုဂ္ဂိုလ်တွေအပေါ် စုံစမ်းစစ်ဆေး စီရင်တဲ့ လွတ်လပ်တဲ့ တရားရုံးဖြစ်ပါတယ်။
သက်ဆိုင်ရာ အစိုးရတွေဟာ ရာဇဝတ်သားတွေကို သူတို့နိုင်ငံက တရားရုံးတွေမှာ တရားစွဲဆိုလေ့ ရှိကြပါတယ်။ အကယ်၍ အဲ့လိုနိုင်ငံ အစိုးရတွေက တရားမစွဲဆိုနိုင်တာတွေ (ဒါမှမဟုတ်) ရာဇဝတ်မှု ကျူးလွန်လျက်နဲ့ အစိုးရကိုယ်တိုင်က တရားမစွဲဆိုလိုတဲ့ ကိစ္စတွေကို ICC က တရားစွဲဆို စီရင်ပေးတာ ဖြစ်ပါတယ်။
နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ဟာ များသောအားဖြင့် အမှုအမျိုးအစား ၃ ခုကို အဓိကထား ကိုင်တွယ်လေ့ရှိပါတယ်။ ၁) လူမျိုးတုံးသတ်ဖြတ်မှု၊ ၂) လူသားမျိုးနွယ်အပေါ် ရာဇဝတ် ကျူးလွန်မှုနဲ့ ၃) စစ်ရာဇဝတ်မှုတွေအတွက် ကျူးလွန်တဲ့ လူပုဂ္ဂိုလ်တွေကို ICC က အများဆုံး စီရင်ဆုံးဖြတ်တာပါ။
လူမျိုးတုံးသတ်ဖြတ်မှုဆိုတာကို နိုင်ငံတကာ ဥပဒေတွေအရ အဓိပ္ပာယ် ဖွင့်ဆိုရာမှာ နိုင်ငံသားတစ်ရပ်ရပ်ကို ဖြစ်စေ၊ လူမျိုးတစ်မျိုးကိုဖြစ်စေ၊ အသားအရောင်တူ သွေးတူ အစုအဖွဲ့တစ်ခုခုကို ဖြစ်စေ၊ ဘာသာရေးအဖွဲ့ တစ်ခုကိုဖြစ်စေ၊ တစ်စုတစ်ဖွဲ့လုံး ဒါမှမဟုတ် တစ်စိတ်တစ်ဒေသ ပျက်စီးစေလိုတဲ့ သဘောနဲ့ ရည်ရွယ်ချက်ရှိရှိ (အုပ်စုလိုက်) သတ်ဖြတ် ဖျက်ဆီးခြင်းကို အဓိက ဆိုလိုတာ ဖြစ်ပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှု မြောက်ဖို့ဆိုရင် အဲ့ဒီအစုအဖွဲ့တစ်ခုကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ် ဖျက်ဆီးလိုတဲ့ အကြောင်းအရင်းကို သက်သေပြဖို့ လိုအပ်ပါတယ်။ ၁၉၉၄ ရဝမ်ဒါသတ်ဖြတ်မှုဟာ လူပေါင်း ၈သိန်းလောက် သေဆုံးခဲ့ရတဲ့ လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် တရားစွဲခံခဲ့ရပါတယ်။
လူသားမျိုးနွယ်အပေါ် ရာဇဝတ်ကျူးလွန်မှုကတော့ အရပ်သားပြည်သူ အမြောက်အမြားကို ရည်ရွယ်ချက်ရှိရှိ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမျိုးကို အဓိက ဆိုလိုတာပါ။
စစ်ရာဇဝတ်မှုဆိုတာကတော့ စစ်ပွဲတွေအတွင်း မလုပ်ရဘူးလို့ ကန့်သတ်ထားတဲ့ နိုင်ငံတကာ စံချိန်စံညွှန်းတွေ ချိုးဖောက်တာကို အဓိက ဆိုလိုတာပဲ ဖြစ်ပါတယ်။
နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့မှာရှိတဲ့ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) ဟာ ၁၉၉၈ ရောမ ဥပဒေပြဌာန်းချက် (Rome Statute) အရ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ Rome Statute အရ စစ်ရာဇဝတ်မှုအဖြစ် အဓိပ္ပာယ်ဖော်ဆောင်မှုထဲမှာ အောက်ပါအချက်တွေ ပါဝင်ပါတယ်။
– အရပ်သားလူထုကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခြင်း သို့မဟုတ် စစ်ပြုခြင်းမှာ တိုက်ရိုက်ပါဝင် ပတ်သက်ခြင်း မရှိသူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခြင်း
– တိုက်ခိုက်မှုလုပ်ရင် အရပ်သားတွေ သေဆုံးမှာ သို့မဟုတ် ဒဏ်ရာရမှာကို သိလျက်နဲ့ ရည်ရွယ်ချက်ဖြင့် အဲ့ဒီတိုက်ခိုက်မှုကို လုပ်ဆောင်ခြင်း
– ဆန့်ကျင်ခုခံမှု ကင်းမဲ့နေတဲ့ မြို့၊ ရွာ၊ အိမ်၊ အဆောက်အဦးတွေကို တိုက်ခိုက်ခြင်း၊ ဗုံးကြဲခြင်း၊ အမြောက်နဲ့ပစ်ခြင်း
– ဘာသာရေးဆိုင်ရာနဲ့ ပညာရေးဆိုင်ရာ အဆောက်အအုံတွေ၊ ဆေးရုံတွေကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း
၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလကစလို့ ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲခဲ့တဲ့ ရုရှားသမ္မတ ပူတင်ဟာ ယူကရိန်း ကလေးတွေကို ရုရှားထဲ ဥပဒေမဲ့ ပို့ပစ်တာအပါအဝင် စစ်ရာဇဝတ်မှုတွေ ကျူးလွန်တယ်ဆိုပြီး နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) က ဖမ်းဝရမ်းထုတ်ခဲ့တာပါ။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅နိုင်ငံထဲက ခေါင်းဆောင် တစ်ယောက်ကို ICC ကနေ ပထမဆုံးအကြိမ်အဖြစ် ဖမ်းဝရမ်းထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) က ချမှတ်တဲ့ ပြစ်ဒဏ်တွေထဲမှာတော့ ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ပါဝင်ပါတယ်။ ၂ဝ၁၂ ခုနှစ်မှာ ကွန်ဂိုက စစ်နယ်ရှင် သောမတ်စ် လူဘန်ဂါဟာ ICC ကနေ ပထမဆုံး တရားစွဲဆိုခဲ့တဲ့ စစ်ရာဇဝတ် တရားခံဖြစ်ပါတယ်။
သူဟာ ၂ဝဝ၂ ခုနှစ်နဲ့ ၂ဝဝ၃ ခုနှစ်တွေမှာ သူ့ရဲ့သူပုန်တပ်အတွက် ကလေးစစ်သားတွေကို အတင်းအကြပ် စစ်ပွဲထဲ ဆွဲသွင်းခဲ့တာကြောင့် တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး ထောင် ၁၄ နှစ် ချမှတ်ခဲ့ပါတယ်။
နှစ်စဉ် ပေါင်စတာလင် သန်း ၁၃ဝ နဲ့ လည်ပတ်နေတဲ့ ICC တရားရုံးဟာ အမှုပေါင်း ၄ဝ နီးပါး ကိုင်တွယ်ပြီး လူ ၁ဝ ယောက်ကို ပြစ်ဒဏ်ချမှတ် နိုင်ခဲ့ပါတယ်။ Rome Statute ကို လက်မှတ်ရေးထိုးထားတဲ့ ICC အဖွဲ့ဝင်နိုင်ငံ ၁၂၃ နိုင်ငံရှိပြီး အဲ့ဒီနိုင်ငံတွေထဲက ရာဇဝတ်မှုတွေကို ICC က ချက်ချင်း အရေးယူနိုင်ပေမယ့် အဖွဲ့ဝင်နိုင်ငံ မဟုတ်ရင်တော့ တရားစွဲဆိုနိုင်မယ့် တခြားနည်းလမ်းတွေ ထပ်မံရှာဖွေရပါတယ်။
လက်ရှိ ICC က ဖမ်းဝရမ်းထုတ်ထားရတဲ့ (ပူတင်) ရုရှားနိုင်ငံ အပါအဝင် ယူကရိန်းနိုင်ငံ တွေဟာလည်း ICC အဖွဲ့ဝင်နိုင်ငံတွေ မဟုတ်ပါဘူး။
လက်ရှိ ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်တဲ့ မြန်မာနိုင်ငံမှာလည်း အကြမ်းဖက် မင်းအောင်လှိုင်အပါအဝင် စစ်ခေါင်းဆောင်တွေဟာ နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ကနေ စီရင်နိုင်လောက်တဲ့ ရာဇဝတ်မှုတွေ တပုံတပင် ကျူးလွန်ထားပြီးပြီ ဖြစ်ပါတယ်။
အထူးသဖြင့် မြန်မာစစ်တပ်က အရပ်သားပြည်သူတွေကို ဦးတည်ပြီး ဗုံးကြဲတာ၊ အမြောက်နဲ့ပစ်တာ၊ ရွာလုံးကျွတ် မီးရှို့တာတွေ အပြင်၊ မုဒိမ်းကျင့်တာတွေ၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို ဖြတ်တောက် သတ်ဖြတ်တာ၊ အရပ်သားတွေကို ရက်ရက်စက်စက် ဖမ်းဆီးနှိပ်စက်တာ စတဲ့ စစ်ရာဇဝတ်မှုတွေ ကျုးလွန်ထားတာတွေနဲ့ ပတ်သက်တဲ့ အထောက်အထားတွေ အစုလိုက်အပုံလိုက် ရရှိထားတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဖွဲ့ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား IIMM အဖွဲ့က ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ထုတ်ပြန်ပြောဆို ထားပါတယ်။
ဒါကြောင့် စစ်ရာဇဝတ်ကောင်း မင်းအောင်လှိုင်ကို ဖမ်းဝရမ်း ထုတ်နိုင်ဖို့အတွက် NUG အစိုးရ အပါအဝင် မြန်မာအတိုက်အခံ အင်အားစုတွေအနေနဲ့ နိုင်ငံတကာ အစိုးရတွေ၊ တရားစီရင်ရေး ယန္တရားတွေနဲ့ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တစိုက်မတ်မတ် စတင်ဆောင်ရွက်သင့်ပြီ ဖြစ်ပါတယ်
(ဆက်လက်ဖော်ပြပါမည်)