ယင်းမာပင်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ
ရန်ကုန်၊ သြဂုတ် ၁၇
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း Regional Friend Fighters အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၁၄ ရက်နေ့တွင် ယင်းမာပင်မြို့နယ်၊ ယမားတံတားထိပ်တွင် ကျေးရွာများမှ ပြည်သူများကို ရန်ပြုပြီး ပြည်သူ့ပိုင် ပစ္စည်းများကို လုယူဖျက်ဆီးပြီး ထွက်ခွာလာသည့် အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက နံနက် ၁၁ နာရီ ၂၈ မိနစ်နှင့် နံနက် ၁၁ နာရီ ၃၀ မိနစ်တို့တွင် ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ စုံစမ်းနေပေမယ့် ထိခိုက်စာရင်း မသိရသေးဘူး။ မိုင်းကွင်းထဲအရောက်မှာ သေသေချာချာကိုဆွဲလိုက်နိုင်တယ်။ ပထမအကြိမ်ဆွဲပြီးတော့ သူတို့က ဘောက်လိုက်ပြန်ပစ်ချိန် နောက်တစ်လုံးထပ်ခွဲတော့ သေနတ်သံ တိတ်သွားကြတယ်။ ဆယ်မိနစ်လောက်ကြာမှ နောက်တစ်ခါ တရစပ်ပြန်ပစ်တာ လက်နက်ကြီးတွေနဲ့ရောပစ်လို့ နောက်ဆုတ်လာရတယ်။ ရှေ့ဆက်တိုးမကြည့်နိုင်တော့ အထိခိုက်ကျဆုံးမသိရတော့ဘူး” ဟု Regional Friend Fighters အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Regional Friend Fighters (RFF) နှင့် Revolutionary Students Force (RSF) အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။