မြ၀တီမြို့နယ် လက်ခတ်တောင်ကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲမှု သာသနာဆိုင်ရာ အဆောက်အအုံများ ပျက်စီး၊ စနိုက်ပါ ဖြင့်ပစ်ခတ်၍ အကြမ်းဖက် စစ်သား ၁ ဦးသေဆုံး
ရန်ကုန်၊ ဩဂုတ် ၁၈
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် လက်ခတ်တောင်ကို စစ်တပ်က တိုက်လေယာဉ်ဖြင့် ယနေ့ ဗုံးကျဲရာ သာသနာဆိုင်ရာ အဆောက်အအုံများ ပျက်စီးသွားပြီး တော်လှန်ရေးတပ်ဖွဲ့က စနိုက်ပါ ဖြင့်ပစ်ခတ်၍ အကြမ်းဖက် စစ်သား ၁ ဦးသေဆုံးကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။
ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် အကြမ်းဖက်စစ်ကောင်စီ၏ နေပြည်တော်လေတပ်မှ Yak-130 (Jet-Fighter) လေယာဉ် ၂ စီး ဖြင့် ၃ကြိမ်တိုင်တိုင် တော်လှန်ရေးတပ်ဖွဲ့များ နယ်မြေလုံခြုံရေးယူထားသော နေရာတဝိုက်ကို လေယာဉ်ဖြင့် ဗုံးကျဲခဲ့ရာ သာသနာပိုင် အဆောက်အဦး အများအပြား ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ ထို့နောက် တော်လှန်ရေးတပ်ဖွဲ့မှ လက်ဖြောင့်တပ်သား စနိုက်ပါ၏ ပစ်ခတ်မှုကြောင့် စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
“ဒီနေ့ လေယာဉ်နဲ့ ဗုံးကျဲသွားတယ်။ ဒီဘက် ပြန်ပစ်တယ်။ အဲဒီလောက်ပဲ တိုက်ပွဲ အကြီးအကျယ်ဖြစ်တာမျိုးမရှိပေမယ့် စစ်ခွေးတွေဘက်ကတော့ အချိန်မရွေး လက်ခတ်တောင်ကို တက်ဖို့ ပြင်ထားတာတွေ့ရတယ်” ဟု ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည် ။