ပေါက်မြို့နယ်ရှိ အုန်းတောရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံး
ရန်ကုန်၊ သြဂုတ် ၁၉
မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ အုန်းတောရွာအနီး တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Justice Fighter-ပြောက်ကျားတပ်ဖွဲ့ တာဝန်ခံ ရဲဘော် နင်ဂျာက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၁၆ ရက်နေ့တွင် ပေါက်မြို့သို့ ရောက်ရှိနေသည့် အကြမ်းဖက် စစ်တပ်၏ ရိက္ခာယာဉ်တန်း အစီး ၈၀ ကျော်သည် ပေါက်မြို့မှ ပခုက္ကူမြို့သို့ ထွက်ခွာရန် ရှေ့ပြေးအင်အား ၁၀၀ ခန့်ဖြင့် အုန်းတောရွာသို့ ရောက်ရှိနေစဉ် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက် စစ်သားများနှင့် ပျူစောထီးများက တော်လှန်ရေး ရဲဘော်များ ကြိုတင် နေရာယူထားသည့် နေရာများ အနီး တပ်ဖြန့်လာသောကြောင့် တော်လှန်ရေး ရဲဘော်များ အပိုင် ပစ်ခတ်နိုင်ခဲ့ပြီး ၃ ဦးလဲကျ သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော် ၁ ဦးပေါင်တွင် ကျည်ထိမှန်ကာ မစိုးရိမ်ရ ဒဏ်ရာရခဲ့ကြောင်း၊ တိုက်ပွဲကြာချိန် ၁ နာရီကျော်အတွင်း စစ်တပ်ဘက်မှ အထိနာသောကြောင့် လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပေါက်အခြေပြုတော်လှန်ရေးအင်အားစု ဗိုလ်တစ္ဆေအဖွဲ့ (PBRF)၊ ပေါက်မြောက်ပိုင်းတော်လှန်ရေးတပ်ဦး(NPRF)၊ ရွှေဖလားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SPPDF)၊ Justice Fighter – ပြောက်ကျား တပ်ဖွဲ့၊ ပခုက္ကူမြို့ပြပျောက်ကျားတပ်ဖွဲ့၊ မြိုင်ပကဖ ရင်း၃၊ခွဲ၃(နွေဦးညီနောင်) မြိုင်ပကဖ ရင်း၁၊ခွဲ၁၈(7Stars Myaing PDF)၊ ပခုက္ကူခရိုင်တပ်ရင်း၁၄၊ တပ်ခွဲ၂ (Black ပျောက်ကျားတပ်ဖွဲ့)၊ပခုက္ကူခရိုင် တပ်ရင်း၁၆၊ တပ်ခွဲ၁(Pakokku Gz) နှင့် ပေါက်မြို့နယ်ကျေးရွာပကဖများမှ ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။