ကျိုက်ထိုရှိ ဇီးကုန်းရွာကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ စစ်ကိုင်းတွင်လည်း စစ်တပ်စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ်
ရန်ကုန်၊ ဩဂုတ် ၁၉
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဇီးကုန်းကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်လာသော အကြမ်းဖက်စစ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ ကြောင်း Kyaikhto Revolution Force – KRF ထံမှ သိရသည်။
ဩဂုတ်လ ၁၆ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်က အင်အား ၈၀ ခန့်ဖြင့် ကျိုက်ထိုမြို့နယ်၊ ဇီးကုန်း ကျေးရွာ အတွင်းသို့ လက်နက်ကြီး၊ စက်လက်များ၊ ၄၀ မမများ၊ RPG များ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲမှ ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိကာ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF ၊ KNU/KNLA နှင့် ABSDF တပ်ဖွဲ့တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ ကြောင်း သိရသည်။
ကျိုထိုတော်လှန်ရေးအင်အားစု – KRF အနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက် ပေးကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီလက်ပါးစေများ၊ ထောက်တိုင်များ ၊ အကြမ်းဖက်စစ်သားများကို ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း၊ မိဘပြည်သူလူထု နစ် နာမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများ ပြုလုပ်မည်မဟုတ်ကြောင်း အသိပေးထားသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ မာလဲတောရွာ၌ တပ်စွဲထားသော စစ်သားများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း YOUNG WOLF Local PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
သြဂုတ်လ ၁၉ ရက်နေ့တွင် စစ်ကိုင်းမြို့နယ် မာလဲတောရွာရှိ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ တပ်စွဲထားသော စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ကြီး များဖြင့် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း YOUNG WOLF Local PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။