26.2 C
Yangon

UAB ဘဏ်ပိုင်ရှင်တစ်ဦးဖြစ်သူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် နေရာတွင် ဒုဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ဖြင့် အစားထိုးသည်ဆိုသော အတည်မပြုနိုင်သေးသည့် သတင်းများထွက်ပေါ်

Must read

UAB ဘဏ်ပိုင်ရှင်တစ်ဦးဖြစ်သူ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် နေရာတွင် ဒုဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ဖြင့် အစားထိုးသည်ဆိုသော အတည်မပြုနိုင်သေးသည့် သတင်းများထွက်ပေါ်

■ စစ်ဘက်ထိပ်ပိုင်း ဗိုလ်ချုပ်နေရာတချို့ အပြောင်းအလဲဖြစ်နေဟုဆို

ရန်ကုန်၊ ဩဂုတ် ၂၇

အကြမ်းဖက် မင်းအောင်လှိုင်က ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် နေရာတွင် ဒုဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ဖြင့် အစားထိုးလိုက်သည် ဆို သော သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး ဗိုလ်ချုပ်ကြီး မိုးအောင် နှင့် ဆက်စပ်နေသော အမရာ UAB ဘဏ်ကိုလည်း စစ်တပ်က စုံစမ်းစစ်ဆေး နေသည်ဆိုသော သတင်းများ ထွက်ပေါ်နေကြောင်း သိရှိရသည်

ယခုရက်ပိုင်းအတွင်း စစ်ဦးစီးအရာရှိချုပ်(ရေ)ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ကို ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်နေရာတွင် အစားထိုး လိုက် သည် ဆိုသော သတင်းများ ထွက်ပေါ်နေသည့်အပြင် ယူနိုက်တက် အမရာ ဘဏ် UAB ဘဏ်ကို စစ်တပ်က စစ်ဆေးမှုများ လုပ်ဆောင်နေသည် ဆိုသော သတင်းများထွက်ပေါ်နေကြောင်း၊ စစ်တပ်က ဘဏ်တချို့သည် မရိုးမသား လုပ်ဆောင်နေသည်ဟု ဩဂုတ်လ ၂၅ ရက်နေ့ နေပြည်တော် စစ်ကောင်စီ အစည်းအဝေးတွင် မင်းအောင်လှိုင်က ထုတ်ဖော်ပြောဆိုခဲ့ ကြောင်း၊ ယင်းသို့ ပြောဆိုပြီးသည့်နောက်ပိုင်း ဗိုလ်ချုပ်ကြီး မိုးအောင် ရာထူးမှ ဖယ်ရှားခံရသည် ဆိုသော သတင်းများ၊ UAB ဘဏ် စစ်ဆေးခံရသည်ဆိုသော သတင်းများ ဆက်တိုက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

“UAB ဘဏ်က ဒေါ်လာကိစ္စနဲ့ပတ်သက်လို့ မရိုးမသားလုပ်တယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့ စစ်ဆေးခံရတယ်ဆိုတာမျိုး အတော်ကို သတင်းထွက် ပါတယ်။ နောက်တစ်ခါ အောင်သောင်း သား ရေချုပ် မိုးအောင် နေရာမှာ ဇွဲဝင်းမြင့် ဖြစ်လာတယ်ဆိုတာ တွေလည်း သတင်းကျယ်ကျယ်ပြန့်ပြန့်ကို ထွက်နေတယ်” ဟု ရန်ကုန် UMFCCI မှ စီးပွားရေးသမားတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်မင်းအောင်လှိုင်က စစ်အာဏာသိမ်းချိန်က ဘဏ်များပြိုလဲ မည် စိုးရိမ်၍ အကူအညီပေးခဲ့သော်လည်း လက်ရှိတွင် ဘဏ်များက ရိုးသားမှု မရှိသည်ကို တွေ့ရှိရကြောင်း၊ ဘဏ်များကို စနစ်တကျ စောင့်ကြည့် သွားမည် ဖြစ်ကြောင်း ဩဂုတ်လ ၂၅ ရက်နေ့ နေပြည်တော် စစ်ကောင်စီ အစည်းအဝေး တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

“မိမိတို့တာဝန်ယူချိန်တွင် စီးပွားရေးအရစတင်တိုက်ခိုက်ရာ၌ ဘဏ်များကို အဓိကထားတိုက်ခိုက်ခဲ့ကြောင်း၊ ဘဏ်အချို့အခြေအနေဆိုးရွားခဲ့ကြောင်း၊ ဘဏ်စနစ် ပြိုလဲသွားပါကတိုင်းပြည်စီးပွားရေးပြိုလဲသွားနိုင်သဖြင့် မိမိကိုယ် တိုင် တာဝန်ရှိသူ များဖြင့် တိုင်ပင်ညှိနှိုင်း၍ လိုအပ်သည့် ကူညီမှု၊ ထောက်ပံ့မှု၊ ရပ်တည်မှုများ ဆောင် ရွက်ပေးခဲ့ရကြောင်း၊ ဘဏ်များပြိုလဲမှုမရှိစေရေး နိုင်ငံတော်မှထိန်းသိမ်း ကြပ်မတ် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ဘဏ်များ၌ ငွေထုတ်မရအောင် ATM စက်များ အလုပ် မလုပ် နိုင်စေရန် ဆောင်ရွက်ခဲ့ မှုများရှိကြောင်း၊ နိုင်ငံတော်က ထိုသို့ဆောင်ရွက်ပေးခဲ့ သော်လည်း ဘဏ် အချို့ ၏ဆောင်ရွက်မှုမှာ ၎င်းကာလကတည်းက သံသယ ရှိဖွယ်များ တွေ့ရှိရကြောင်း၊ သတင်းစာရှင်းလင်းပွဲများ၌လည်း ပြောကြားခဲ့ကြောင်း၊ ယခုအချိန် အထိ လည်း အချို့သောဘဏ်များအနေဖြင့် ရိုးဖြောင့်စွာ လုပ်ကိုင်ဆောင် ရွက်မှုမရှိ သည် ကို တွေ့နေရကြောင်း၊ ဘဏ်များ၏ လုပ်ဆောင်ချက်များကို စနစ်တကျ စောင့် ကြည့်သုံးသပ်၍ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း” ဟု မင်းအောင် လှိုင်က ပြောဆိုခဲ့သည်။

UAB ဘဏ်ကို ယခင်ဝန်ကြီးဟောင်း အောင်သောင်း၏ သားသမီးများက အဓိ က ပိုင်ဆိုင်ကြပြီး အောင်သောင်းတွင် မိုးအောင်၊ နေအောင်၊ ပြည်အောင်၊ ခင်ငုရည်ဖြိုးဟူသည့် သားသမီး ၄ ဦးရှိကြောင်း သိရှိရသည်။

ရန်ကုန်ခေတ်သစ်က နေပြည်တော် စစ်ဘက် သတင်းရင်းမြစ်ထံသို့ ရေချုပ် မိုးအောင် အဖြုတ်ခံရသည်ဆိုသော သတင်းနှင့်ပတ်သက်၍ မေးမြန်းရာ အတည် မပြုနိုင်သေးသော်လည်း စစ်ဘက် ရာထူးတချို့ အပြောင်း အလဲ ရှိသည်ဟု သိရှိရကြောင်း၊ ပြောင်း လဲသွားသည့် စစ်ဘက်ရာထူး များနှင့်ပတ်သက်၍ ဆက်လက် စောင့်ကြည့်နေကြောင်း ပြောဆိုသည်။

“စစ်တပ် ထပ်ပိုင်း ရာထူးတချို့တော့ အပြောင်းအလဲဖြစ်တယ်။ ဘယ်သူတွေ ဘယ်လို လဲဆိုတာတော့ အတိအကျမသိရဘူး။ ကာချုပ်ရေ ကိစ္စကလည်း ကျနော်တို့လည်း မသိရသေးဘူး။ သေသေချာချာ သိရဖို့က နည်းနည်း လေး အချိန်ယူရတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

လတ်တလော အတည်မပြုနိုင်သေးသော သတင်းများအရ အနောက် တောင် တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင် နတခ (ပုသိမ်) သည် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး လပခ (မန္တလေး) အဖြစ်လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ် တိုင်းမှူး လပခ( မန္တလေး) ဗိုလ်ချုပ်ကိုကိုဦး သည် ဒုတိယဗိုလ်ချုပ်ကြီး ရာထူးတိုးဖြင့် ကစထ ၁ အဖြစ်လည်းကောင်း၊

ဒုတိယဗိုလ်ချုပ်ကြီးတေဇာကျော်သည် ကစထ-၁ မှူး မှ ကစထ-၆ မှူး အဖြစ်သို့လည်းကောင်း၊ နေပြည်တော်တိုင်းမှူး ဗိုလ်မှူးချုပ်ဝေလင်းက အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး အဖြစ်လည်းကောင်း၊ ကမ်းရိုးတန်းတိုင်းမှူး ဗိုလ်ချုပ်‌စောသန်းလှိုင်က နေပြည်တော် တိုင်းတိုင်း မှူးအဖြစ်လည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် စစ်ဦးစီးအရာရှိချုပ် (ရေ) မှ ကာကွယ်ရေး ဦးစီးချုပ်(ရေ) အဖြစ်လည်းကောင်း အပြောင်းအလဲ ဖြစ်ကြောင်း သိရှိရသည်။

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဖြစ်လာသည်ဟု သတင်းထွက်နေသည့် ဒုဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်။
ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ရာထူး နေရာ မှ အရွှေ့ခံရသည်ဆိုသော သတင်းများထွက်ပေါ်နေသည်။
ကမ်းရိုးတန်းတိုင်းမှူးမှ နေပြည်တော် တိုင်းမှူး ဖြစ်လာ သည် ဟု သတင်းထွက်နေသူ ဗိုလ်ချုပ်စောသန်းလှိုင်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးသည် ရာထူးတိုးဖြင့် ဒုတိယဗိုလ်ချုပ်ကြီး ကစထ ၁ ကို တာဝန်ယူရ သည်ဟု သတင်းများ ထွက်ပေါ်လာသည်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article